ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်တွင် ဒါးကမြစ်ရေ ၀င်ရောက်မှုကြောင့် ဇူလိုင်၂၉ရက် နေ့အထိ မိုးစပါးနှင့် သီးနှံစိုက်ခင်း ဧကတစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“စိုက်ခင်းတွေကတော့ လုံး၀ရေမြုပ်ပြီးပျက်စီးကုန်ပါပြီ။ မိုးကလည်းဆက်တိုက်ရွာနေ ရေကအဆက်မပြတ်တက်လေပါပဲ။ စိုက်ခင်းထက်လူနေအိမ်တွေ မြုပ်လို့ ရေဘေးရှောင်စခန်းသွားနေရတယ် “ဟု ကျုံပျော်မြို့ဒေသခံလယ်သမားတစ်ဦးက ဧရာ၀တိီတိုင်မ်းကိုပြောသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ်ရေ မြင့်တက်လာမှုကြောင့် ကျုံပျော်မြို့နယ်အတွင်း မိုးစပါး ၁၀၃၀၇ ဧက၊ ပီလောပီနံ ၁၅ဧကနှင့်ငှက်ပျော နှစ်ဧကရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

ရေနစ်မြုပ်မှုကြောင့် ကျုံပျော်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများမှ နေအိမ် ၁၀၀နီးပါး လုံး၀နစ်မြုပ်နေပြီး ရေဘေးရှောင်ပြည်သူ ၅၀၀ခန့်သည် မြတ်ချမ်းသာဘုရားဓမ္မာရုံနှင့် အခြားရေလွတ်ရာနေရာများကိုပြောင်းရွှေ့နေထိုင်နေရကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းအတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပြည်သူ သုံးသိန်းခန့်ရေဘေးဒုက္ခရောက်နေပြီး စစ်ကောင်စီကလည်း လုံလောက်သည့် ကူညီကယ်ဆယ် ထောက်ပံ့မှုမရှိကြောင်း ဒေသခံများနှင့် ပရဟိတအဖွဲ့များထံက သိရသည်။

#ကျုံပျော် #မိုးစပါးနှင့်သီးနှံစိုက်ခင်း #ဧကတစ်သောင်းကျော် #ရေမြုပ်ပျက်စီး #Ayeyarwaddy_Times