ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အဖွဲ့အစည်းအား လုံးကို ပံ့ပိုးကူညီရာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကြဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ် ပွန်ဆာက မြန်မာ့အိမ်နီးချင်းတိုင်းပြည်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီလအစောပိုင်းက နယူးဒေလီမြို့တော်မှာကျင်းပတဲ့ ဘင်းစတက်အစည်းအဝေး ဘေးပန်းအဖြစ် မြန်မာနဲ့အိန္ဒိယနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ၎င်းက ဗီယန်ကျင်းမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အာဆီယံအဖွဲ့နဲ့ ဒေသတွင်း မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့နဲ့ကျင်းပ တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတက်ရောက်ဖို့ မာရစ်က ဗီယန်ကျင်းမြို့တော်မှာ ရောက်ရှိ ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ် နဲ့ အတိုက်အခံအင်အားစုတွေကြား ပဋိပက္ခကြောင့် ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်တာ ကို မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနဲ့အိန္ဒိယတို့က ကြုံတွေ့ခဲ့ရပါတယ်။

“တိုင်းပြည်အများအပြားက မြန်မာ့အရေးကို အရင်ထက်ပိုပြီး ပွင့်လင်းသော သဘောထားရှိလာ လို့ မြန်မာ့အခြေအနေ တိုးတက်လာမယ့် အခွင့်အရေးကောင်းတစ်ရပ်ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါ တယ်” လို့ သူက ဆိုပါတယ်။

“၃ နိုင်ငံ ဆွေးနွေးမှုတွေပြုလုပ်ချိန်မှာ မြန်မာနိုင်ငံက ပိုမိုပွင့်လင်းတဲ့ အကြံဉာဏ်ရှိတယ်လို့ ကျွန် တော် ခံစားခဲ့ရတယ်” လို့ ဇူလိုင်လအစောပိုင်းမှာ ဘင်းစတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အတွင်း မြန်မာနဲ့အိန္ဒိယမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးမှုတွေကို သူက ရည်ညွှန်းပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ် နေပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar’s neighbours should cooperate to bring about peace

#Ayeyarwaddy_Times