ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဇူလိုင် ၃၀ ရက်

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ညောင်လေးပင်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ‌စစ်တောင်းမြစ် အပါအဝင် ‌‌မြစ်ချောင်းများမှ ရေကြီးရေလျှံမှုများကြောင့် ရွှေကျင်၊ ကျောက်ကြီး၊ မုန်း မြို့နယ်များမှ ဒေသခံများ လူသားချင်းစာနာထောက်ထားမှု အကူအညီ‌များလိုအပ်နေကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) ထံက သိရသည်။

မုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အချိန်အထိ ရေနစ်မြုပ်နေသည့် ကျေးရွာပေါင်း ၅၇ ရွာ ရှိပြီး ရေကြီးရေလျှံမှုကြောင့် မြောင်းဦးကျေးရွာမှ အသက် (၄) နှစ်အရွယ် မကြည်နဒီသိန်းမှာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေကျင်မြို့နှင့် ကျောက်ကြီးမြို့နယ်တွင်လည်း စစ်တောင်းမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်း အနီးရှိ ကျေးရွာနှင့် လယ်ကွင်းများမှာ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး ကျောက်ကြီးမြို့နယ်တွင် ရွာပေါင်း ၄၁ ရွာမှ လူဦး‌ရေ ၁၈,၆၉၈ ဦး ခန့်မှာရေဘေးဒုက္ခကို ကြုံတွေ့နေရကြောင်း သိရသည်။

“တောင်ပေါ်ချောင်းတွေပါရေလျှံနေတယ်။ တစ်ချို့ရွာတွေလှေနဲ့သွားလာနေရတယ်။ မိုးကြီးတာကြောင့် ကော စစ်တောင်းမြစ်ရေတွေလျှံနေတယ်။ နောက်တော့ ဆည်တွေကနေပြီးတော့ ရေလျှံတဲ့ဟာတွေ လည်းပါမယ်။ ကယ်ဆယ်ရေးတွေက မြို့ပေါ်ပဲရှိတာ။ တောဘက် ရွာဘက်တွေက ဘာမှမရှိဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ညောင်လေးပင်ခရိုင်အတွင်း ရေကြီးရေလျှံမှုများကြောင့် ကျေးရွာများတွင်းရှိ နေအိမ်များ ရေနစ် မြုပ်ခဲ့ရပြီး သိုလှောင်ထားသည့် ဆန်၊ စပါး၊ ထင်း၊ မီးသွေးများ ရေစိုပျက်စီးခြင်း၊ ကျွဲ၊ နွား တိရိစ္ဆာန်များ သေဆုံးခြင်း၊ လမ်းတံတား၊ ရေတမံများ ကျိုးကျပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း များအပါအဝင် ရေဘေးရှောင်စရာ နေရာအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကျန်းမာရေး ကုသမှုများရရှိခြင်းမရှိပဲ အရေးပေါ် အကူညီများလိုအပ်လျက်ရှိကြောင်းလည်း KNU က ထုတ်ပြန်ထားသည်။

ယခုအခါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ပဲခူးတိုင်းအတွင်းတွင် ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ မြစ်မခမြစ် များမှ မြစ်ရေလျှံမှုများကြောင့် နေရာအနှံ့ရေကြီးခြင်းများဖြစ်ပေါ်နေပြီး စိုက်ခင်းအများပြားလည်း ရေနစ်မြှုပ် မှုများဖြစ်ပေါ်နေပြီး ဒေသခံ သိန်းနှင့်ချီ၍ ရေဘေးဒုက္ခကို ကြုံတွေ့နေရကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့၊ KNU
#ပဲခူး #ညောင်လေးပင် #ရေကြီးရေလျှံ #စစ်တောင်းမြစ် #ဗဒသခံ #ရေနစ်မြုပ် #Ayeyarwaddy_Times