နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) တည်ငြိမ်ရေးအတွက် ပြည်သူနှင့် လက်တွဲ၍ ကာကွယ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရန် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က တိုက်တွန်းထုတ်ပြန်မှုအပေါ် တိုင်းရင်းသာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (ERO) နှင့် အရပ်ဘက် လေ့လာသူတို့က မေးခွန်းထုတ်ခဲ့သည်။
သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) သည် ၎င်းတို့ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း တွင် ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပသော ၂၀၂၄ ခုနှစ်၊ ခြောက်လပတ်အစည်းအဝေးနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် စစ်အာဏာသိမ်းမှုအခြေအနေ၊ ရှမ်းမြောက်တိုက်ပွဲများအပြင် ရှမ်းတောင် ကိစ္စများပါ ထည့်သွင်းဖော်ပြခဲ့သည်။
“ပြည်သူလူထုကို ကာကွယ်မယ်လို့ ပြောတဲ့ဟာက လူထုတော်လှန်ရေးနဲ့ ပေါင်းစပ်ပြီး ကာကွယ် မှာလား။ အဲဒါဆိုရင်တော့ ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်။ သို့သော်လည်း ဒီနေ့အခါမှာ စစ်အာဏာ ရှင်တွေနဲ့ ပူးပေါင်းတဲ့ အကျိုး စီးပွား ကာကွယ်ရေးကတော့ ဆက်ပြီးတော့ စောင့်ကြည့် ရမယ့် ကိစ္စဖြစ်တယ်” ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
RCSS က ရှမ်းပြည်တောင်ပိုင်း တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ၎င်းတို့အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်း၍ ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး၍ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နိုင်ကြရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေး၍ ဖြေရှင်းဆောင်ရွက်သွားကြရန် RCSS က တိုက်တွန်းထားသည်။
“RCSS က တစ်နိုင်ငံလုံးအနှံ့မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီနဲ့ ပူးတွဲပြီးတော့ ရှမ်းတောင်ကို ကာကွယ်မယ်ဆိုရင်တော့ အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ကာကွယ်နေသလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်ကို ယိမ်းရမယ့် အခြေအနေကာလ မဟုတ်ဘူးလို့ မှတ်ချက်ပေးလိုတယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် ရှမ်းပြည်လူထု အိုးအိမ် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့ရသည့်အပြင် ကလေး သူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများလည်း အတိဒုက္ခများ၊ အခက်အခဲများ ကြုံတွေ့ နေရခြင်းတို့အပေါ် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း RCSS က ဆိုထားသည်။
“ဒီကနေ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာက ဘာလဲပေါ့နော်။ ကျွန်တော်တို့ တိုင်းပြည်အတွက် အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးအရ ဆွေးနွေးကြမယ်၊ ညှိနှိုင်းကြမယ် ဆိုတဲ့ဟာမျိုးကို ရည်ညွှန်းတာလား၊ သေချာတာ တစ်ခုကတော့ အခုကာလမှာ အရင်တုန်းကလို ဆွေးနွေးမှု ပုံစံမျိုးတော့ ဟုတ်မှာမဟုတ်တော့ဘူး” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။
ထိုအခြေအနေများကြောင့် အာဏာသိမ်း စစ်ကောင်စီကို ဗဟိုပြု၍ တွေ့ဆုံဆွေးနွေးရန် ကိစ္စရပ်သည် ဖြစ်လာမည် မဟုတ်သော်လည်း တော်လှန်ရေး အင်အားစုများကြားတွင်မူ ဆွေးနွေးကြရန်၊ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း အကျိုးဆက်အားဖြင့် တိုင်းပြည်အနှံ့ တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် နေရာဒေသ အသီးသီးတွင် လူဆိုးသူခိုးဓားပြတို့ များပြားလာခြင်းတို့သည် ပြည်သူလူထုအား လူမှုဒုက္ခအဝဝနှင့် အခက်အခဲများ ကြီးစွာကြုံတွေ့ စေခဲ့ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် (ပုံဟောင်း)
#ရှမ်းတောင် #ကာကွယ် #သက်ဆိုင်ရာအဖွဲ့အစည်းများ #ဆွေးနွေးရန် #RCSS #မေးခွန်းထုတ် #Ayeyarwaddy_Times