
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ခံထားရသူ ၂ ဦးရှိနေတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သူတို့ ၂ ဦးမှာ အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကကတည်းက ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း ရွှေပေါက်ကံမြို့သစ်မှ ကိုကျော်ကျော်နိုင်နှင့် မလှလှနိုင်တို့ ဇနီးမောင်နှံဖြစ်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူအချို့က ဆိုပါတယ်။
” သူတို့နှစ်ယောက်က လင်မယားတွေဗျ။ အင်းစိန်ထောင်မှာ အမိန့်ကျပြီးပုသိမ်ထောင်ကိိုရောက်လာကြတာ။ သူတို့နဲ့အတူ ၅ ယောက်လည်းပါတယ်။ အဲ့ ၅ ယောက်က ထောင် တစ်သက်ကျနေတဲ့သူတွေ” လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကျခံနေရသူ ၅ ဦးစလုံးမှာလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သာကေတမြို့နယ်များမှဖြစ်ကြပြီး ကိုလှိုင်မင်းကျော် ၊ကိုအောင်ဖြိုးသွင်၊ ကိုဇင်မင်းထွန်း၊ ကိုဇော်ဝင်းမြင့်နှင့် ကိုအောင်ကိုကိုဇော်တို့ဖြစ်ကြပါတယ်။
သူတို့ ၇ ဦးစလုံးကို ပုသိမ်အကျဥ်းထောင်အတွင်းမှာ အခြားနိုင်ငံရေးအကျဥ်းသားများနှင့် အတူမထားပဲ နေရာခွဲထားတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူအချို့ကဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၇၀ နီးပါးနှင့် အမျိုးသမီး ၅၀ ဦးခန့် ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။