
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ် ၌ မိုးသည်းထန်စွာရွာသွန်းကာ ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့်စာသင်ကျောင်း ၄၇ ကျောင်း ယာယီပိတ်သိမ်းထားရကြောင်းသတင်းရရှိသည်။
ကျောင်းကုန်းမြို့နယ်၌ ပြီးခဲ့သော ဇူလိုင်လ(၂၃)ရက်နေ့ကစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဒါးကမြစ်ရေသည်ရေမှတ် ၁၇ပေမှရှိရာမှ ဇူလိုင်လ (၂၉) ရက်နေ့တွင် စိုးရိမ်ရေအမှတ် အနီး ၁၉ ဒသမ ၄ ပေ အထိ ရောက်ရှိခဲ့ကာ ထပ်မံမြင့်တက်သည့်အခြေအနေသို့ရောက်ရှိနေပြီး အခြေအနေစောင့်ကြည့်နေရကြောင်း မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့်နီးစပ်သူများထံကသိရသည်။
“မိုးက ဆက်တိုက်ရွာတာကနေ မြစ်ရေမြင့်လာတာပေါ့။ ပထမ မြစ်ရေတိုင်းကြည့်တာ ၁၇ ပေပဲရှိသေးတယ်။ မနေ့က ထပ်တိုင်းကြည့်တာ ၁၉ပေကျော်လောက်ရှိနေပြီ။ နောက်ထပ်မြစ်ရေထပ်တက်ဖို့ရှိနေတာဆိုတော့စောင့်ကြည့်ရမဲ့သဘောပေါ့။ မြစ်နဲ့ကပ်တဲ့ရွာတွေမှန်သမျှ ရေကြီးကုန်ပြီ။ စာသင်ကျောင်းတွေလည်းပိတ်ထားရတယ်”ဟု မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့မြစ်ရေမြင့်တက်မှုကြောင့် မြို့အတွင်းစာသင်ကျောင်းများအပြင် ရင်ဆိုင်၊ပန်းပင်ဆိပ်၊ကျွန်းချောင်း၊လှေကွဲလဟာ၊ဆင်ကူး၊သဖန်ချောင်းနှင့်ပက်ပက်အင်း စသည့်ကျေးရွာများအပါအဝင် စာသင်ကျောင်းများ ရေနစ်မြုပ်နေ၍ ဇူလိုင်လ(၂၉)ရက်မှ ဩဂုတ်လ (၄)ရက်နေ့အထိ တစ်ပတ်ကြာယာယီ ကျောင်းပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံက သိရသည်။
“မြစ်နဲ့ကပ်တဲ့ စာသင်ကျောင်းတွေအကုန်ပိတ်ထားရတယ်။ ကျောင်းပိတ်လိုက်ရတာကမြို့ထဲကစာသင်ကျောင်းတွေရယ်နောက်ရင်ဆိုင်၊ပန်းပင်ဆိပ်စတဲ့ရွာတွေကအစပေါ့။ မြစ်ရေကထပ်တက်ဖို့ပဲရှိတော့တာရယ်စာသင်ကျောင်းတွေထဲအထိရေတွေဝင်ကုန်တာဆိုတော့တစ်ပတ်ကြာယာယီပိတ်လိုက်ရတယ်”ဟု မြို့နယ်ပညာရေးမှူးနှင့်နီးစပ်သူတစ်ဦးကဆိုသည်။
အလားတူ ကျောင်းကုန်းမြို့နယ်ရှိ ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မြစ်အနီးရှိမြို့တွင်းရပ်ကွက်နေရာအပါအဝင်ကျေးရွာများမှ အိမ်ထောင်စု ၂၃၅စု ရေဘေးသင့်ဒဏ်ခံစားနေရပြီး ဒေသခံများအား ဘုန်းတော်ကြီးကျောင်းများနှင့် School Cum Shelter၊ Animal Shetter ၊လျှော်ဂိုဒေါင်နှင့်ကန်ပေါင်နေရာတို့တွင် ရေဘေးခိုလုံနေရကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံကသိရသည်။
ဓာတ်ပုံ- ပေးပို့
#ကျောင်းကုန်း #ဒါးကမြစ်ရေ #မြင့်တက်လာမှုကြောင့် #စာသင်ကျောင်း၄၇ကျောင်း #ယာယီပိတ်ထား #Ayeyarwaddy_Times