ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်

ယခုနှစ်မိုးရာသီအစမှာပင် မုတ်သုံးအားကောင်းကာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မိုးအဆက်မပြတ်ရွာ သွန်းသဖြင့် မြစ်ကြီးများရေလျှံကာ ဇူလိုင်လ တစ်လလုံးရေကြီးရေလျှံမှု ဖြစ်ပွားနေချိန်တွင် တိုင်းပြည်အာဏာသိမ်းယူထားသော စစ်ကောင်စီက သဘာဝဘေးစီမံခန့်ခွဲမှုများကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ်တွင်ဖြစ်ပွားသော ရေလွှမ်းမိုးမှုသည် ရက်ကြာရှည်ရေကြီးသဖြင့် လွန်ခဲ့သည့် ကိုးနှစ် အကြာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုထက် ပိုဆိုးကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိချိန်ထိ မြန်မာနိုင်ငံအတွင်း စီးဆင်နေသော မြစ်အသီးသီးရှိ မြစ်ရေများသည် မြို့ကြီး ၁၀ မြို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်၍ ရှိနေဆဲဖြစ်သည်။

ဧရာဝတီတိုင်းရှိ ဟင်္သာတ၊ ဇလွန်၊ ကျုံပျော်၊ မြန်‌အောင်၊ အင်္ဂပူ၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ မအူပင် မြို့များအပါအဝင် ပဲခူးတိုင်းရှိ မ‌ဒေါက်၊ ရွှေကျင်၊ ပဲခူးမြို့များနှင့် ကရင်ပြည်နယ်ရှိ ဘားအံ့မြို့၊ တနင်္သာရီတိုင်းရှိ မြို့နယ်အချို့တို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး လူသေဆုံးမှုများရှိကာ ပြည်သူများ စားဝတ်နေရေး ထိခိုက်နေရကြောင်းသိရသည်။

ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၄ ပေကျော်လွန်ပြီး ပဲခူးမြို့တစ်မြို့လုံးရေကြီးရေလျှံနေချိန်တွင် ပဲခူးတိုင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အသက် ၂၀ အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၉ ရက်နေ့တွင်စတင်မည် ဖြစ်ကြောင်းထုတ်ဖော် ပြောကြားခဲ့သည်။

ထို့ပြင် စစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနအနေဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီးမှသာ ရေဘေးသင့် ပြည်သူအချို့ထံသွားရောက်၍ မပြောပလောက်သောထောက်ပံ့ငွေဖြစ်သည့် လူတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေးပေးကြောင်းသိရသည်။

ထို့အတူ စစ်ကောင်စီခန့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ရေကြီးရေလျှံဖြစ်ပွားနေသည့်အတွက် ကူညီကယ်ဆယ်မှုများပြုလုပ်ကာ ကာကွယ် စောင့် ရှောက်ရမည့် လုပ်ဆောင်မှုများကို ထုတ်ဖော်ပြောကြားခြင်း မရှိသလို လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

ယင်းပြင် ရေကြီးရေလျှံမှုဖြစ်ပွားမည်ကို ကြိုတင်သိရှိနိုင်သော်လည်း ရွှေ့ပြောင်းနေထိုင်နိုင်ရန်ကြိုတင် အသိပေးခြင်း၊ ဆောင်ရွက် ပေးခြင်းများ မရှိကြောင်း ‌ဒေသခံများထံက သိရသည်။

“ အဲဒီဌာနက လုပ်နေတာတွေဘာမှမရှိဘူး။ အဓိကတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ လုပ်တာများ တယ်။ သူတို့လုပ်တာဘာမှ မ‌တွေ့ဘူးလေ။ အရင်ဆိုရင် မုန်တိုင်းမဖြစ်ခင်ကတည်းက အစိုးရအဖွဲ့ရော၊ ပါတီအဖွဲ့ရော အဖွဲ့တွေ အကုန်ပေါင်းပြီးတော့ ကြိုတင်ပြင်ဆင်တာတွေလုပ်နေတယ်။ အစည်းဝေး ကစပြီးတော့ လုပ်ငန်းလုပ်ဖို့ထိပြင်ဆင်ထားကြတယ်။ အခုကဘာမှကိုမရှိဘူး ” ဟု သဘာဝဘေး ကယ်ဆယ်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုနှစ် ဇွန်လကုန်နှင့် ဇူလိုင်လမှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့မှ စတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယင်းမြစ်ကြောင်းတစ်လျှောက်ရှိမြို့များနှင့် ကျန်ရှိနေသည့် မြစ်များ ရေတက်မှုကြောင့် မြစ်ကြောင်းများနှင့် ဆက်စပ်နေသညည့် မြို့ကြီးများတွင်‌ ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ ဖြစ်ပွားနေစဉ် ကတည်းက စစ်ကောင်စီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများသည် ရေဘေး လွတ်စေရန် ပြောင်းရွှေ့နေရာ ချထားပေးခြင်း၊ အသိပေးပြောကြားခြင်းနှင့် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ‌ရေဘေးဒုက္ခကြုံရသူတစ်‌ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြစ်ရေကြီးမှုကြောင့် လယ်ယာဧကသောင်းနှင့်ချီရေနစ်မြှုပ်ခြင်း၊ လူဦး ရေ‌သောင်းနှင့်ချီ၍ ရေဘေး ရှောင်နေထိုင်ရခြင်းအပါအဝင် ကျောင်းများပိတ်ထားရခြင်းနှင့် စီးပွားရေးလုပ်ငန်းထိခိုက်နစ်နာ ရကြောင်း ရေဘေးကူညီနေသူတစ်‌ဦးက ပြောကြားသည်။

“ရေတက်လာတာမြန်တယ်။ ပြီးတော့ရေက ပြန်ကျမလို ထပ်တက်မလိုနဲ့အယ်နေတယ်။ ဒုက္ခတွေ ကတော့ ရောက်တာပေါ့။ အိမ်ကနှစ်ထပ်တိုက်ကို အောက်ထပ်တစ်ထပ်လုံးမြုပ်တယ်။ အပေါ်မှာ နေ ရတယ်။ မနှစ်က‌ရေကြီးတုန်းက အဲဒီလိုပါပဲ။ ရေက အခုထိမကျသေးဘူး။ ထမင်းဝေတာစားရတယ်” ဟု ပဲခူးတိုင်း၊ ညောင်ဝိုင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ ပဲခူးတိုင်းတွင် ယာယီရေဘေးရှောင်စခန်း ၁၀ ခု၊ ကရင်ပြည်နယ်တွင် ယာယီ ကယ်ဆယ် ရေးစခန်း ၅၇ ခုဖွင့်လှစ်ထားကြောင်း စစ်ကောင်စီ အာဘော်သတင်းစာတွင်‌ ဖော်ပြထားသည်။

ဧရာဝတီတိုင်းကန်ကြီးတောင့်မြို့နယ်ရှိ မိုးစပါးဧက ၃၈၀၀ ကျော်ရေနစ်မြှုပ်ခြင်း၊ ကျုံးပျော်မြို့တွင် ဧက တစ်သောင်းကျော်ရေနစ်မြှပ်သွားကြောင်းသိရသည်။

“ အခု ဧရာဝတီတိုင်းရေကြီးတာက အရင်ရေကြီးတုန်းက ၂၀၁၅ တုန်းကရေဘေး ကူညီရေးသွား ဖူးတယ်။ အခုက အဲဒီထက်ပိုဆိုးတယ်။ ရွာတွေအရမ်းမြုပ်တာ ပိုမြုပ်တယ်။ ပဲခူးဆိုလည်း ၂၀၁၅ တုန်းကအဲဒီလောက်ကြီးမဖြစ်ဘူး။ အခု ပိုဆိုးတာလာတွေ့နေရတယ်” ဟု သဘာဝဘေးကယ်ဆယ် ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက် နေသူတစ်ဦးက ဆိုသည်။

ထို့ပြင် ကျောင်းကုန်းမြို့တွင် ဒါးကမြစ်ရေကြီးမှုကြောင့် အခြေခံပညာကျောင်း ၄၇ ကျောင်းယာယီ ပိတ်ထားရခြင်း၊ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်ရှိ ကျောင်း ၂၅ ကျောင်းပိတ်ထားရကြောင်း စစ် ကောင်စီ အာ‌ဘော်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းပြင် အဝေးပြေးကားလမ်းမကြီးများနှင့် ရထားလမ်းများရေကျော်မှုကြောင့် လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်လျက်ရှိကာ ရထားခရီးစဉ်များ ရပ်ဆိုင်းထားကြောင်းသိရသည်။

လက်ရှိရေလွှမ်းမိုးခြင်းသည် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်းနှစ်ဘက်ကြုံတွေ့ရခြင်းနှင့် ရေထ ရက်နှင့် ဆုံခြင်းကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တစ်ဦးက ပြောကြားသည်။

သစ်တောဖုံးလွှမ်းမှုဧရိယာကျဆင်းခြင်း၊ ရွှေတူးဖော်ခြင်းနှင့် ရေတိမ်ဒေသများပျက်စီးခဲ့ခြင်းတို့ ကြောင့် လည်း ရေကိုထိန်းသိန်းထားခြင်းမရှိသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားစေသည့် အကြောင်းအရင်းများ ထဲတွင် ပါဝင်ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၄ ကိုးနှစ်တာအတွင်းမှာ သစ်တောဖုံးလွှမ်းတာတွေ ကျကုန်တယ်။ ရေတိမ် ဒေသတွေမှာ မြစ်ကမ်းနားအနီး အဆောက်အအုံဆောက်တာတွေက ရေဝပ်ဧရိယာတွေကို ဆုံးရှုံး စေတယ်။ နောက်ပြီးမိုး‌ရေချိန်များရင် ရေကြီးရေလျှံတာတွေဖြစ်တော့တာပဲ။ အခုဆိုးတာက တော် တော်ဆိုးတယ်။ ၂၀၁၅ နဲ့တစ်ခြားစီပဲ ” ဟု သဘာဝဘေးကယ်ဆယ်ရေးနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ရာတွင် လူမှုကူညီရေး ခေါင်း ဆောင်များပါဝင်ခဲ့ခြင်း၊ စစ်မှုထမ်းဥပဒေကြောင့် လူမှုကူညီရေး အဖွဲ့အစည်းများတွင်လုပ်ဆောင် နေသည့် လူငယ်များမရှိတော့ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် စစ်ဆေးမှုများရှိခြင်း တို့ကြောင့် လူမှုကူညီရေးအသင်းများ၏ ရေဘေးကူညီနိုင်မှုလျော့ကျခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

“ ကိုယ့်ဒေသအခြေအနေတောင် ကိုယ်ပြန်မကူနိုင်ဘူး။ ကုန်ဈေးနှုန်းအခြေအနေရော နိုင်ငံရေးအခြေ အနေရောကြောင့် သွားတာလာရတာအဆင်မပြေတော့ဘူး။ အရင်ကဆို တစ်ညလုံးမောင်းသွားရင် မနက်ကို ရွာတွေဆီ ရောက်သွားပြီး လှူလို့ရတယ်။ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်နဲ့ အဝတ်အစားက စပြီးတော့သွားလှူကြတာ။ အခုက အဲဒီလိုမဟုတ်ဘူး။ စစ်လားဆေးလားနဲ့” ဟု လူမှုကူညီရေး လုပ်ငန်းများဆောင်ရွက်နေသူက ဆိုသည်။

#နိုင်ငံတစ်ဝန်းမြစ်ရေကြီး #ရေလွှမ်းမိုး #ဧရာဝတီ #ပဲခူး #ဘားအံ့ #တနင်္သာရီ #Ayeyarwaddy_Times