နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌအပါအဝင် လက်ရှိ ခေါင်းဆောင်များ အပြောင်းအလဲသည် တော်လှန်ရေးအတွက် အားကောင်းစေပြီး နိုင်ငံရေး နှင့် စစ်ရေးအရ လှုပ်ခတ်လာနိုင်ကြောင်း KNU နှင့် နီးစပ်သူများထံက သိရသည်။

အဆိုပါ ဒူးပလာယာခရိုင်တွင် KNU က (၁၇) ကြိမ်မြောက် ညီလာခံ ကွန်ဂရက်ကို ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ငါးရက်တာ ပြုလုပ်ခဲ့ပြီး ထိုအရာသည် KNU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လေးနှစ် တစ်ကြိမ် ရွေးကောက်ပြုလုပ်ရသော ခရိုင်အဆင့် ညီလာခံဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ခရိုင်ဥက္ကဋ္ဌအဖြစ် ပဒိုစောလစ္စတန်၊ ခရိုင် ဒု-ဥက္ကဌအဖြစ် ဗိုလ်မှူးချုပ် စောကို့ထူး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောမောထူး၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ပဒိုစောမိုးအဲ့ဒို့ စသည့် ကြီးလေးကြီးနှင့် ခရိုင်တရားသူကြီးအဖြစ် ပဒိုစောနေထူးတို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်း KNU က ယနေ့ ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒူးပလာယာခရိုင် ဥက္ကဋ္ဌသစ် ဖြစ်လာသော ပဒိုစောလစ္စတန်သည် နွေဦးတော်လှန်ရေး စတင်ချိန် ကတည်းက ခရိုင်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေး အားကောင်းသူတစ်ဦးဖြစ်ကာ လက်ရှိတွင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း နေရာကို တင်မြှောက်ခံရခြင်းဖြစ်ကြောင်း KNU နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“တော်လှန်ရေးနဲ့ ပတ်သက်လို့ ကောင်းတဲ့သူတွေပေါ့။ သူတို့ကတော့ ထုတ်ဖော်မပြောပေမယ့် NCA ကို လက်ခံခဲ့တဲ့ လူတွေတော့ မဟုတ်ဘူး။ ဆိုလိုတာက ကိုယ့်ဘက်က ရှိတယ်ပေါ့။ တပ်မဟာ ၆ အတွက်ကတော့ ပိုပြီးတော့ အားကောင်းလာမယ်လို့ ထင်ပါတယ်” ဟု KNU နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင်ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းသည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့တွင် ပါဝင်ခဲ့သလို ခရိုင်အတွင်း စစ်ရေးကိစ္စရပ်များ မပြုလုပ်ရန်၊ နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန် သဘောထား ထုတ်ပြန်ခဲ့ဖူးကြောင်း သိရသည်။

လက်ရှိ (၁၇) ကြိမ်မြောက် ခရိုင်ညီလာခံတွင် ကိုယ်စားလှယ် ၁၁၈ ဦး ပါဝင်ရွေးကောက်ခံခဲ့ပြီး စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံ၍ အပစ်ရပ် NCA ကို ကိုင်ဆွဲနေသည့် ယခင်ခရိုင်ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းကမူ ဝင်ရောက် အရွေးမခံခဲ့ကြောင်း နီးစပ်သူများထံက သိရသည်။

ထို့အပြင် ခရိုင်အမြဲတမ်း ကော်မတီဝင်အဖြစ် ဗိုလ်မှူးချုပ် စောကို့ထူး၊ ပဒိုစောဆဲနေကော်၊ ပဒိုစောရွှေဝင်း၊ ဒုဗိုလ်မှူးကြီး စောဆာဘလယ်ထူး၊ ပဒိုစောဒုကော်အပါအဝင် ၃၁ ဦးနှင့် ဌာနဆိုင်ရာ ဌာနမှူး ရှစ်ဦးကိုလည်း ရွေးကောက်တင်မြှောက်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် တရားစီရင်ရေး ကော်မတီ၊ အမျိုးသားလုံခြုံရေးနှင့် စစ်ကော်မတီ၊ စည်းကမ်းကြီးကြပ် ထိန်းသိမ်းရေး ကော်မတီ၊ ဘဏ္ဍာရေး ကော်မတီ၊ နိုင်ငံရေးနှင့် စည်းရုံးရေး ကော်မတီ၊ စီးပွားရေး ကော်မတီနှင့် မြေယာကော်မတီစသည့် ကော်မတီများ၏ ဥက္ကဋ္ဌများကိုလည်း ရွေးကောက်တင်မြှောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းဆောင်များ အပြောင်းအလဲနှင့် ခရိုင်အတွင်း အုပ်ချုပ်ရေး၊ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ KNU၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကို ဧရာ၀တီတိုင်းမ်က ဆက်သွယ်မေးခဲ့သည်။

“ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။ KNU page မှာလည်း တော်တော်လေး ဖော်ပြထားပါတယ်” ဟု ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KNU ၏ ထုတ်ပြန်ချက်တွင်မူ ၎င်းတို့အနေဖြင့် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေး ဦးဆောင်မှု၊ အစည်းအရုံး ရှေ့ဆောင်ဦးစီးမှု၊ အမျိုးသား လွတ်မြောက်မှုနှင့် အမျိုးသားများ မျှော်မှန်းချက်နှင့်အညီ လှုပ်ရှားမှုများကို ဦးစီးဆောင်ရွက်သော အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကရင်အမျိုးသားများ အပါအဝင် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားလူမျိုးအားလုံး ဖက်ဒရယ် ဒီမိုကရေစီ အခွင့်အရေးကို အပြည့်အဝ ရယူခံစားနိုင်ရန် တစ်စိုက် မတ်မတ် ကြိုးစားဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်ကြောင်း ဆိုထားသည်။

ဓာတ်ပုံ – KNU
#KNU #တပ်မဟာ၆ #ဒူးပလာယာခရိုင် #ဥက္ကဋ္ဌ #ခေါင်းဆောင်များ #အပြောင်းအလဲပြုလုပ် #နိုင်ငံရေး #စစ်ရေး #လှုပ်ခတ်လာနိုင် #Ayeyarwaddy_Times