ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၉ ရက်

ဧရာ၀တီမြစ်နှင့် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဧရာ၀တီတိုင်းရှိ မြို့နယ် ၁၀ ခုထက်မနည်းတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး လူဦးရေ ၃ သိန်းကျော် ရေဘေးဒုက္ခရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုကြောင့် ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ကန်ကြီးထောင့်နှင့် ပုသိမ်မြို့နယ်တို့တွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နပြီး ရေဘေးသင့်ပြည်သူ ၃ သိန်းမှ ၅ သိန်းအထိရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

“မြန်အောင်မှာဆိုရင် ဧရာ၀တီဖြစ်ရေက စိုးရိမ်ရေမှတ်ထက် ၅ ပေအထိကျော်ခဲ့တယ်။ ရေကြီးတာက ဟင်္သာတကနေ ပုသိမ်အထိ တောက်လျှောက်မြုပ်နေတာ။ ရေဘေးသင့်ဦးရေက ၃ သိန်းကနေ ၅ သိန်း အထိ ရှိမယ်ခန့်မှန်းတယ်။ ဒါက အနိမ့်ဆုံးတွက်ပြီးပြောတာ။ အဲ့ထက်လည်း ပိုနိုင်တယ်။ တချို့ရွာတွေဆို အိမ်ခေါင်မိုးအထိပါ မြုပ်သွားတာ”ဟု မြန်အောင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရေကြီးနစ်မြုပ်မှုကြောင့် အဆိုပါမြို့နယ် ၁၀ ခုမှ လယ်ဧကပေါင်း သိန်းနှင့်ချီ၍ ရေနစ်မြုပ်နေသလို ကြံခင်း – ပုသိမ်မီးရထားလမ်း ရေကျော်နေသဖြင့် ရထားခရီးစဉ်ပြေးဆွဲမှု ရပ်ဆိုင်းထားရသည်။

ထို့ပြင် အင်္ဂပူမြို့နယ်ရှိ နန်ကသူဆည်မှ ရေဖောက်ချသဖြင့် ပုသိမ် – ဟင်္သာတ၊ ကြံခင်း – မြန်အောင် – ဟင်္သာတကားလမ်းများ ရေမြုပ်နေပြီး ကားလေးများ သွားလာနိုင်ခြင်းမရှိဘဲ ကားကြီးများသာ ပြေးဆွဲနေကြောင်း သိရသည်။

“အခုက ရန်ကုန် – ပုသိမ်ကားလမ်းမှာ ဒါးကမြို့နားက လမ်းပိုင်းက ရေကျော်နေလို့ ကားတွေ သတိထား ဖြတ်နေရတယ်။ သာပေါင်းနဲ့ကန်ကြီးထောင့်ဘက်မှာလည်း ကျောင်းတွေပါရေမြုပ်နေလို့ ကျောင်းတွေ ပိတ်ထားရတယ်။ လူတွေက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ကုန်းမြင့်ကဘုရားတန်ဆောင်းတွေ တက်နေရသလို တချို့ကျတော့လည်း အိမ်ပေါ်မှာစင့်ထိုးပြီး လူတွေရော၊ တိရိစ္ဆာန်တွေရော စုပြုံနေရတဲ့ အခြေအနေတွေ ဖြစ်နေတယ်”ဟု ကန်ကြီးထောင့်ဒေသခံတစ်ဦးက ပြောသည်။

လူဦးရေသိန်းနှင့်ချီ ရေဘေးသင့်နေသော်လည်း စစ်ကောင်စီလက်အောက်ရှိ ဧရာ၀တီတိုင်းအစိုးရက ထိရောက်စွာ ကူညီခြင်းမရှိသဖြင့် ထောင်နှင့်ချီသော ကျေးရွာများမှ ရေဘေးသင့်ပြည်သူများမှာ အခက်အခဲများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရင်ဆိုင်ဖြေရှင်းနေရကြောင်း သိရသည်။

“စစ်ကောင်စီလက်အောက်က ဝန်ကြီးတွေက မြို့ပေါ်က ရေဘေးစခန်းတွေလောက်ပဲလျှောက်ကြည့်၊ ဆန် ၁ ပြည်နဲ့ ဆီ ၅၀ သားလောက်ပေးပြီး ပြန်သွားတာ။ နှမ်းဖြူးတာလောက်ပဲ လုပ်သွားတာပေါ့။ ရွာတွေက ပြည်သူတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရေဘေးရှောင်ရ၊ ကိုယ့်ဒုက္ခကိုယ့်ဘာသာ ဖြေရှင်းနေရတယ်။ ရှိတဲ့ရိက္ခာလေး မငတ်ရုံစားပြီး ရေပြန်ကျမယ့်အချိန် ထိုင်စောင့်နေကြရတယ်”ဟု အင်္ဂပူမြို့ခံတစ်ဦးက ပြောသည်။

ဧရာ၀တီတိုင်းတွင် ခရိုင် ၆ ခုနှင့် မြို့နယ် ၂၆ မြို့နယ်ရှိပြီး လူဦးရေ ၆ ဒဿမ ၃ သန်းကျော် မှီတင်းနေထိုင်သည်။ လက်ရှိတွင် မြို့နယ် ၁၀ ခု၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည့်အတွက် ဧရာ၀တီတိုင်းဧရိယာ၏ ၃ ပုံ ၁ ပုံခန့် ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေခြင်းဖြစ်သည်။

#Ayeyarwaddy_Times #ရေကြီးမှု #လယ်ဧက #ရေကြီးနစ်မြုပ်