ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုင်းနှင့် ပြည်နယ်အချို့ရှိ မြို့ကြီးများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ မြစ်ကြီးခြောက်ခုသည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်၍ တည်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မြို့ကြီး ၁၂ မြို့ရှိ မြစ်ကြီး ခြောက် ခုတွင်ရေကြီး ရေလျှံမှုဖြစ်ပေါ်နေကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်သည်။

အဆိုပါမြစ်ရေလျှံမှုကြောင့် လူနေအိမ်ရာနှင့်ချီနစ်မြုပ်ရခြင်း၊ ‌ပြောင်းရွှေ့‌နေထိုင်ရခြင်း၊ ဈေးဆိုင်ခန်း များပိတ်ထားရခြင်းအပါအဝင် စာသင်ကျောင်းများပိတ်ထားရပြီး အဝေးပြေးကားလမ်းမကြီးတွင် ရေကျော်မှုများရှိနေကြောင်းသိရသည်။

ဧရာဝတီတိုင်း အတွင်းရှိ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဆိပ်သာ၊ ဟင်္သာတ နှင့် ဇလွန်မြို့တို့တွင် မြစ်ရေများဝင်ရောက်၍ လယ်မြေများရေလွှမ်းဖုံးခြင်း၊ နေအိမ်ဆယ်နှင့်ချီရေနစ်မြှုပ်ခြင်းများ ဖြစ်ပေါ် နေကာ လာမည့်တစ်ရက်အတွင်း ၁ လက်မမှ ၄ လက်မခန့် ရေကျဆင်းနိုင်သော်လည်း စိုးရိမ်ရေ မှတ်တွင် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း မိုး/ဇလ က အသိပေးထားသည်။

ဧရာ၀တီတိုင်းအတွင်းရှိ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်မြို့တို့တွင် လာမည့် တစ်ရက်အတွင်း ၄ လက်မမှ ၆ လက်မအထိမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်ထက်ဆက်လက်တည်ရှိ နေမည်ဖြစ်ကြောင်းသိရသည်။

ပဲခူးတိုင်းတွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၆ ပေကျော်လွန် ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေခွဲခန့်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေခွဲခန့်ဆက်လက်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင်ရှိနေကြောင်း မိုး/ဇလ ထုတ်ပြန်ချက်အရသိရသည်။

ယင်းပြင် ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်လွန်ရောက်ရှိနေကာ လာမည့် တစ်ရက်အတွင်း ၂ ပေခန့်ထပ်မံမြင့်တက်မည်ဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်တွင် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ၆ ပေကျော်လွန် ရောက်ရှိနေကာ လာမည့် တစ်ရက်အတွင်း ၂ ပေခန့်ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်းသိရသည်။

ယင်းပြည်နယ်အတွင်းရှိ သောင်းရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေမှတ်ထက် ၁၀ ပေကျော်လွန် ရောက်ရှိနေကာ လာမည့်တစ်ရက်အတွင်း ၃ ပေခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ မည်ဖြစ်သည်။

မွန်ပြည်နယ်ရှိ ဘီလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၁ ပေကျော်လွန်ရောက်ရှိနေကာ လာမည့် တစ်ရက်အတွင်း ပေဝက် (၆ လက်မ) ခန့် ကျော်လွန်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ ထံက သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဧရာဝတီမြစ်အထက်ပိုင်းဒေသ မြစ်ကြီးနားမြို့မှစတင်ကာ ပြည်မြို့အထိ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#တိုင်းနှင့်ပြည်နယ် #မြစ်ကြီးများရေကြီးရေလျှံ #စိုးရိမ်ရေမှတ်ရှိနေမည် #Ayeyarwaddy_Times