
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေတက်မှုကြောင့် မြစ်အနီးကျေးရွာအများအပြားရေကြီးနေချိန်တွင် ဆန်နှင့်ဆီကို စျေးတင်ရောင်းနေကြောင်း သတင်းရရှိသည်။
သာပေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ၁၈ရက်နေ့ကစ၍မိုးသည်းထန်စွာရွာသွန်းကာ ငဝန်မြစ်ရေတက်မှုကြောင့် မြစ်နှင့်နီးစပ်သောကျေးရွာများတွင် ရေကြီးမှုဖြစ်ပေါ်နေသည်ဟုအကြောင်းပြကာ မြို့တွင်းရှိအခြေခံစားသောက်ကုန်ရောင်းချသည့်ဆိုင်များ၌ ယနေ့(ဇူလိုင်၂၂)ကစပြီး ဆန်ကြမ်း ( ဍငစိန်တစ်ပြည်လျှင် ငွေ ၁၀၀၀၀ ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင်ငွေ ၁၅၀၀၀ ကျပ် ဝန်းကျင်အထိ ရောင်းချနေကြောင်း မြို့တွင်းရှိအခြေခံစားသောက်ကုန်အရောင်းဆိုင်များထံက သိရသည်။
“ရေကြီးတာကိုအကြောင်းပြပြီးတော့ ဆန်ကြမ်းတွေ သတ်မှတ်ဈေးက ၃၅၀၀ ကိုအခု ၁၀၀၀၀ လောက်အထိ ဖြစ်သွားတယ်။ ဆန်တွေထဲမှာ ငစိန်နဲ့ ရွှေဝါထွန်းတွေဈေးတက်သွားတာ။ စားအုန်းဆီဆိုရင်လည်း တစ်ပိဿာ တစ်သောင်းခွဲလောက်ဖြစ်တယ်။ ဈေးပြန်ကျမကျကတော့မပြောတတ်ဘူး။ ကျွန်မတို့ဆီမှာကတော့ ဆန်ကြမ်းတစ်ပြည်ကို ၄၂၀၀ ကနေ ၅၀၀၀ ကျပ်လောက်ပဲ ဈေးထားတယ်။ ဆီဆိုရင်လည်းတစ်ပိဿာ၆၀၀၀ ကျပ်နဲ့ပဲရောင်းတယ်။ အခြားဆိုင်တွေကတော့ဈေးတက်နေတာရှိမှာပေါ့”ဟု သာပေါင်းမြို့ခံအခြေခံစားသောက်ကုန်ရောင်းချသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မြို့နယ်စစ်ကောင်စီဝန်ထမ်းအချို့မှ အခြေခံစားသောက်ကုန်ရောင်းချသူများပူးပေါင်းကာမှောင်ခိုဈေးကွက်ပုံစံဖြစ်ပေါ်မှုကြောင့် ဈေးနှုန်းမြင့်တက်နေခြင်းခြင်းကြောင်း ဒေခံများကပြောသည်။
“အခု ဆန်ကြမ်းတွေတောင်မဝယ်စားနိုင်တဲ့ဘဝကိုရောက်ကုန်ပြီ။ ရေဘေးမဖြစ်ခင်က ဆန်ကြမ်းတစ်ပြည် ၄၀၀၀ လောက်ပဲရှိတယ်။ ဆီကော ၇၀၀၀ ပဲ။ ဈေးပြန်ကျတာမကြာသေးဘူး။ ရေဘေးလည်းကြုံရော ဈေးတွေတက်ကုန်ရော။အခုလိုဈေးမြင့်တာက မြို့နယ်ထွေအုပ်ကဝန်ထမ်းတွေနဲ့ ဈေးထဲကကုန်ခြောက်ရောင်းတဲ့သူရယ်နောက်ပြီး ကုန်ဒိုင်ကြီးတွေအကုန်ပေါင်းပြီးမှောင်ခိုရောင်းကြတာအဓိကပဲ”ဟု မြို့ခံတစ်ဦးကဆိုသည်။
သာပေါင်းမြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လ ဒုတိယအပတ်ကစ၍ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းနားအနီးရှိ ကျေးရွာများရေဘေးသင့်ဒဏ်ခံစားနေရကာ စာသင်ကျောင်းများလည်း ယာယီပိတ်ထားရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် နီးစပ်သူများထံကသိရသည်။
သာပေါင်းမြို့တွင် ငဝန်မြစ်ရေမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက်၆၂၀ စင်တီမီတာ(၂၀.၃၄ပေ)မှလက်ရှိ၌ ၆၅၁စင်တီမီတာ (၂၁.၃၆ပေ) အထိမြင့်တက်လာခဲ့ကာ နောက်သုံးရက်အထိ စိုးရိမ်ရေမှတ်ကျော်အတွင်တည်ရှိနိုင်ကြောင်းစစ်ကောင်စီမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ၂၂ရက်နေ့တွင်ထုတ်
ပြန်ထားသည်။
#သာပေါင်းတွင် #ရေကြီးနေ #အကြောင်းပြု၍ #ဆန်နှင့်ဆီ #စျေးတင်ရောင်း #Ayeyarwaddy_Times