ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အာရက္ခတပ်တော် AAသိမ်းပိုက်ထားသည့် ကညင်ချောင်းစီးပွားရေးဇုန်ကို စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင် RSO/ARSA တပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ရက်နေ့က ကညင်ချောင်းစီးပွားရေးဇုန်အနီး ရွှေဇားကျေးရွာအုပ်စုအနီးကို စစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် AAနှင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စစ်တပ်က လူမျိုးရေး ပဋိပက္ခဖြစ်နိုင်တဲ့နေရာတွေမှာ ပိုပြီးတော့ မူဆလင်လက်နက်ကိုင်တွေကိုသုံးတယ်။ အခုလည်း ရွှေဇားရွာထဲ ARSAအဖွဲ့တွေနဲ့ စစ်ကြောင်းထိုးလာတယ်။ AAနဲ့ တိုက်ပွဲပြင်းထန်နေတယ်။ မနေ့က ၂၀ရက်နေ့က ဆိုရင် လေကြောင်းကကြဲတာ စစ်တပ်ဘက်ကလူတွေပါထိကုန်တယ်။ ၂၀လောက်သေတယ်ကြားတယ်” ဟု မောင်တော ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအထိုင်ချနေရာယူထားသည့် ကညင်ချောင်း စီးပွားရေးဇုန်ကို ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်နေ့တွင် AAက စစ်ကောင်စီတပ်များ ကစဉ့်ကလျားထွက်ပြေးအောင်တိုက်ထုတ်ခဲ့ပြီး ဇူလိုင် ၁၅ရက်နေ့တွင် စီးပွားရေးဇုန်ကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်လွှတ်လိုက်ရသည့် ကညင်ချောင်းစီးပွားရေးဇုန်ကို ပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကောင်စီက မူဆလင်လက်နက်ကိုင်များနှင့်ပူးပေါင်းပြီး အင်အား ၂၀၀ခန့်ဖြင့် ထိုးစစ်ဆင်လာကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၂၀ရက်နေ့ကလည်း စစ်ကောင်စီက မြေပြင်ထိုးစစ်အပြင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် AAက မောင်တောမြို့တွင်ကျန်ရှိနေသော နခခ၅ မြို့သူကြီးကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်း အသုံးပြု၍ မောင်တော နခခ၅အနီးတဝိုက်၊ ရွှေ‌ဇားကျေးရွာနှင့် ကညင်ချောင်းစီးပွားရေးဇုန်တို့ကို ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#မောင်တော #ကညင်ချောင်းစီးပွားရေးဇုန် #စစ်ကောင်စီ #ပြန်လည်ထိုးစစ်ဆင် #တိုက်ခိုက် #AA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times