
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ အင်းနက်ကျေးရွာရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် KIA ဦး ဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့များက အင်းနက်ကျေးရွာရှိ စစ်ကောင်စီ၏ဆက်သွယ်ရေးတာဝါတိုင် စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်း ရင်းမြစ်ထံက သိရသည်။
“သပိတ်ကျင်းထဲက တိုက်ပွဲတွေမှာ KIA ဦးဆောင်ပြီး တိုက်နေပါတယ်။ အခုရထားတဲ့ စခန်းအပြင် အခြားထိုးစစ်ဆင်နေတဲ့ စခန်းတွေလည်း ရှိပါတယ်” ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တာဝါတိုင်စခန်းကုန်းတည်ရှိရာ အင်းနက်ကျေးရွာ သည် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ကြားတွင်တည်ရှိပြီး တကောင်းနီကယ်စက်ရုံနှင့် နီးကြောင်းသိရသည်။
၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယပိုင်းအဆက်အနေဖြင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက ရှမ်းမန်းစစ်ဆင်ရေးအဖြစ် တိုက်ပွဲများ ဖော်ဆောင် ရာတွင် KIA ကလည်း တော်လှန်ရေး တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးနယ်မြေစခန်းကို တော်လှန် ရေးပူးပေါင်း အဖွဲ့များက ယနေ့ ဇူလိုင် ၂၁ ရက်နေ့ နံနက် ၉နာရီ၄၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်လျက်ရှိနေပြီး ချောင်းကြီးနယ်မြေစခန်းကို ခဲယမ်းအလုံအလောက် ထပ်မံ ဖြည့်တင်းပေးရန် လုံခြုံရေးအဖွဲ့များက တောင်းဆိုလျက်ရှိနေကြောင်း စစ်ကောင် စီထောက်ခံ ဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားသည်။
ရှမ်းမန်းစစ်ဆင်ရေးအနေဖြင့် MDY-PDF က စဉ့်ကူးနှင့် မတ္တရာရှိတပ်စခန်းပေါင်း များစွာကို သိမ်းပိုက်ထားပြီး စဉ့်ကူးမြို့တစ်ခုလုံးကိုပါ ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ-KIA
ပုံစာ-KIA PDF ပူပေါင်းတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#မန္တလေး #သပိတ်ကျင်း #KIA #PDF #ပူးပေါင်းအဖွဲ့ #ထိုးစစ်ဆင် #စစ်ကောင်စီ #တာဝါတိုင်စခန်း #သိမ်းပိုက် #Ayeyarwaddy_Times