ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

လက်ရှိမိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများအပါအဝင် ကောက်စိုက်သမား လုပ်အားခ မြင့်တက်နေသည့်အတွက် လာမည့် စပါးထွက်ချိန်တွင် ဈေးကောင်းရရန် မျှော်လင့် ကြောင်း ဧရာဝတီတိုင်းရှိတောင်သူများထံက သိရသည်။

လက်ရှိတွင်စစ်ကောင်စီက ပြင်ပပေါက်ဈေးထက်ဆန်ဈေးကို လျော့နည်းသတ်မှတ် ထားသဖြင့် စပါးထွက်ချိန်တွင် စပါးကျမည်ကိုစိုးရိမ်ရကာ တောင်သူများအရင်း မရှုံးရန်အတွက် စပါးဈေးကောင်းရန်မျှော်လင့်ကြောင်း ပုသိမ်မြို့နယ်ရှိ သက်လတ်မျိုး စိုက်သူတောင်သူများထံက သိရသည်။

ယခု ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် စိုက်ပျိုးရေးကုန်ကျစရိတ်တွင် လယ်ပြင်စရိတ်၊ ပျိုးစပါး၊ သွင်းအားစုနှင့် ကောက်စိုက်သမအပြီးအစီးကို တစ်ဧကလျှင် ကျပ်သုံးသိန်းခွဲ (၃၅၀,၀၀၀) မှ လေးသိန်း (၄၀၀,၀၀၀) အထိရှိသဖြင့် လယ်ခြောက် ဧကအတွက် ကျပ် ၁၅ သိန်းအနည်းဆုံးအရင်းနှီးရှာထားကြောင်း သက်လတ်မျိုးစိုက်သူ အမျိုးသမီးတစ်ဦးထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လယ် ခြောက်ဧကအတွက် စိုက်ပျိုးကုန်ကျစရိတ် လေးသိန်း ၊ ၂၀၂၃ ခုနှစ်တွင် ကျပ် ၁၀ သိန်းကျော်နှင့် ၂၀၂၄ ခုနှစ်တွင် ၁၅ သိန်းကျော်မည်ဖြစ်ကြောင်း တောင်သူများက ဆိုသည်။

“ စိုက်နေတဲ့အချိန်စပါးဈေးကျမှာတို့ ဘာတို့ကို လယ်သမားတစ်ယောက်ရဲ့ စိုးရိမ်စိတ် ကရှိတယ်။ ကိုယ်ကအရင်းအနှီး ထည့်ထားတာ ခါတိုင်းလိုအနည်းအကျဉ်းနဲ့ မဟုတ်ဘူး။ ပိုက်ဆံကို ကောက်စိုက်သမစရိတ်ကစပြီးတော့ သိန်းနဲ့ချီ ထည့်ထားရတယ်” ဟု လယ် ခြောက်ဧက ပိုင်ဆိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်စစ်ကောင်စီကပေးသော စိုက်ပျိုးစရိတ်ချေးငွေသည် တစ်ဧက ကျပ်တစ်သိန်းခွဲ (၁၅၀,၀၀၀) ဖြစ်ပြီး အများဆုံး ၁၀ ဧကအတွက်သာပေးကြောင်း၊ လိုအပ်သည့် စိုက်ပျိုးစရိတ် ကို ပြင်ပအဖွဲ့အစည်းများကနေ၍ ရာခိုင်နှုန်းဖြင့် ချေးငွေယူရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီသည် ဇွန်မှစတင်ကာ ဆန်ဈေးသတ်မှတ်ထုတ်ပြန်ကာ ယင်းသတ်မှတ်ဈေး အတိုင်းရောင်းချရန် ပြောကြားထားသဖြင့်ဈေးကွက်အတွင်းလက်ကျန်စပါးများနှင့် ထွက်ရှိလာမည့်မိုးစပါးများကြောင့် စပါးဈေးကျဆင်းမည်ကိုစိုးရိမ်ကြောင်း ပုသိမ်မြို့ရှိ တောင်သူဦးကြီးများထံက သိရသည်။

“စက်ပိုင်းတွေကလည်း စပါးလှောင်ထားတာ မိုးမကုန်သေးဘူးလေ။ ဒီသီးထပ်တွေ ကလည်း သူတို့လက်ထဲမှာ ရှိသေးတယ်။ သူတို့စပါးတွေက မကြိတ်ရသေးဘူး။ ကြိတ်ပြီး သားဆန်တွေကလည်း ဈေးတွေမြင့်နေတဲ့ အချိန်ကျရင်တော့ ဈေးကဒီအတိုင်းပဲ ဖြစ်မလား။ တစ်ကယ်လို့ သူတို့သတ်မှတ်တဲ့ဈေးအတိုင်းဖြစ်မယ်ဆိုရင် လယ်သမားတွေ အထိနာမယ်” ဟု လယ် ခြောက်ဧကပိုင်ဆိုင်သူ အမျိုးသမီးက ပြောသည်။

ယခုနှစ် ၂၀၂၄ – ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိူးရန် လျာထားဧက ၁၅ ဒသမ ၀၅ သန်းတွင် ဧက ၃ သန်းကျော်ကို ဇွန်လ ၃၀ ရက်နေ့အထိစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ခုနှစ် နွေစပါး လယ်ဧက ၂ ဒသမ ၉ သိန်းရိတ် သိမ်းရန်ကျန်ရှိ နေကြောင်း ယင်းဌာနထံက သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#မိုးစပါးစိုက်ပျိုးရာသီ #စပါးဈေးကောင်းရန် #တောင်သူများမျှော်လင့် #Ayeyarwaddy_Times