
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်
ဧရာဝတီတိုင်းတွင် စစ်ကောင်စီတပ်ကို အသိမပေးဘဲ လာဘ်ငွေယူမှုနှင့်ပတ်သက်ပြီး ဖျာပုံခရိုင်မှူး၊ ဘိုကလေးမြို့နယ်မှူးနှင့် မြို့မစခန်းမှူးတို့ကို နယ်ပြောင်းပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
စစ်ကောင်စီတပ်က ခန့်အပ်ထားသည့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးဖြစ်သူ၏တိုင်ကြားချက်အရ စစ်ဆေးခံခဲ့ရပြီးနောက်ပိုင်း နယ်ပြောင်းရွှေ့ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများမှ ပြောသည်။
“တောင်းတာကတော့ နေရာတိုင်းမှာ ရှိတယ်၊ ဒါလည်း တော်တော်များများသိပါတယ်၊ ခုက မြို့နယ်ကောင်စီက ဗိုလ်မှူးနဲ့ မြို့နယ်မှူးနဲ့ ငြိတာ၊ ခရိုင်းမှူးက ဒါတွေမသိရမလားဆိုပြီး ပါသွားတာ၊ တိုင်တာကတော့ KTV တို့ နှစ်လုံး သုံးလုံးတို့ကို လိုင်းကြေးယူပြီး ဖွင့်ခွင့်ပေးထားတယ် ဒါအရေးယူပါဆိုပြီး တိုင်းကိုညွှန်ကြားလာတာ”ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပြစ်ဒဏ်ချမှတ်ခံရသည့် ရဲအရာရှိများမှာ တရားမဝင်လောင်းကစားလုပ်ငန်းများ၊ သစ်လုပ်ငန်းများနှင့် KTV လုပ်ငန်းများအား ငွေကြေးရယူကာ ဖွင့်ခွင့်ပေးထားသောကြောင့် အရေးယူခံခဲ့ရခြင်းဖြစ်ကြောင့် ရဲတပ်ဖွဲ့စုံ/ခုံ မှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်မှူး၏ တိုင်းကြားမှုကြောင့် နယ်မြေရွှေ့ပြောင်းရသည့် ရဲအရာရှိများမှာ ဖျာပုံ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လေး၊ ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးထွန်းအောင်နှင့် ဘိုကလေးမြို့မရဲစခန်းမှူး ရဲအုပ် ညွန့်လှိုင်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
#ဧရာဝတီတိုင်း #စစ်တပ်ကိုအသိမပေးဘဲ #လာဘ်ငွေယူ #ခရိုင်မှူး #မြို့နယ်မှူး #စခန်းမှူး #နေရာရွှေ့ပြောင်း #Ayeyarwaddy_Times