​ညီညီမင်း/ဧရာဝတီတိုင်းမ်
(ရေကြည်)၊ သြဂုတ်လ ၁၀ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီး ပုသိမ် – မုံရွာကားလမ်း မိုင်တိုင် ၃၆/၁ မှာ သြဂုတ်လ ၇ ရက်နေ့က ရိုဟင်ဂျာလူမျိုးများကို ရန်ကုန်သို့ အရောက်သယ်ဆောင်ဖို့လာစောင့်နေတဲ့ အမှတ်(၁)ယာဥ်သိုလှောင်ရေးတပ်ရင်း(မင်္ဂလာဒုံ)က စစ်ကောင်စီတပ်သားများပါ၀င်တဲ့ မော်တော်ကား၂စီးကို ဖမ်းဆီးရမိခဲ့ပေမယ့် သတင်းဖုံးထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ကအမည်မဖော်လိုတဲ့ အရာရှိတစ်ဦးထံက သိရပါတယ်။

” လမ်းမှာကား ၂ စီး ရပ်ထားတယ်ဆိုလို့ ဒီက သွားစစ်တာ။ ရိုဟင်ဂျာတွေကို ရန်ကုန်ပို့ဖို့ ပွဲစားက အဲ့နေရာမှာစောင့်ခိုင်းထားတာ။ စစ်လိုက်တော့ 7L/9719ကားမှာက အမှတ်(၁)ယာဥ်သိုလှောင်ရေးတပ်ရင်း(မင်္ဂလာဒုံ)က တပ်ကြပ်ကြီး အပါအ၀င် စစ်သား ၃ ဦး 5R/2966မှာက အရပ်သား၃ဦးကိုဖမ်းဆီးရမိတာ “လို့ တိုင်းရဲတပ်ဖွဲ့ကအမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အမှတ်(၁)ယာဥ်သိုလှောင်ရေးတပ်ရင်း(မင်္ဂလာဒုံ)က တပ်ကြပ်ကြီး ကျော်ကျော်မျိုး၊ သူရစိုး နဲ့ အောင်မျိုးထွန်းတို့ဖြစ်ပြီးနောက်ကားတစ်စီးမှာတော့ အရပ်သားများဖြစ်တဲ့မင်းမင်း၊ မြင့်ဇော်၊ ထွန်းထွန်းစိုး တို့အား ဖမ်းဆီးရမိခဲ့တာလို့ သူက ဆိုပါတယ်။

၎င်းတို့ကိုစစ်ဆေးရာမှာ ရိုဟင်ဂျာလူမျိုး ၁၈ ဦးကို ပွဲစားချိတ်ဆက်ပေးမှုနဲ့ ရန်ကုန်ကို ပို့ဆောင်ဖို့ လာရောက်စောင့်ဆိုင်းနေတာလို့ သိရှိရတယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကပြောပါတယ်။

သူတို့လာကြိုတဲ့ရိုဟင်ဂျာများကို တောနင်းရှာဖွေရာမှာ လေးမျက်နှာမြို့နယ် ထုံးတောင်အနီးမှာ ရိုဟင်ဂျာအမျိုးသား ၁၃ ဦး အမျိုးသမီး ၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဥ်မှာ ရဲတပ်သားတစ်ဦးပစ်ခတ်လို့ ရိုဟင်ဂျာအမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် စစ်ကောင်စီဘက်က သတင်းဖုံးထားတာကြောင့် ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။