ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၈ ရက်

(၇၇) နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန် သိမ်းဖြူလမ်းရှိ အတွင်းဝန်ရုံး ၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (ရန်ကုန်) နှင့် မကွေးတိုင်းရှိ (နတ်မောက်) နေအိမ်ပြတိုက်တို့တွင် အထူးပြပွဲပြသမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရသည်။

အာဇာနည်နေ့ အထူးပြပွဲကို ယခင်နှစ်များနှင့်မတူဘဲ အများပြည်သူတွေ စုံစုံလင်လင် လေ့လာကြည့်ရှုနိုင်ရန်ပြောင်းလဲထားကြောင်း အတွင်းဝန်ရုံးကို ဌားရမ်းထားသည့် အနော်မာ Art Group ထံက သိရသည်။

အဆိုပါ အထူးပြပွဲတွင် IT နည်းပညာအသုံးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းနေအိမ်နှင့် မြေယာရှုခင်းများကို 3D Virtual Tour ပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် Architecture Design ပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ဗီရိုတွေ အတွင်းရှိ ပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးပြီး Mobile Application ဖြင့်ပြသမည့် ပြကွက်များပါဝင်ကြောင်းသိရသည်။

ထို့ပြင် 3D Holographic Fan နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပြကွက်၊ နှစ်အလိုက်အထူးပွဲ ခင်းကျင်းပြသထားသည့် ဓာတ်ပုံမှတ်တမ်းပြကွက်များကို Touch Screen ဖြင့် ပြသပေးထားမည်ဖြစ်ကြောင်းသိရသည်။

ယင်းပြင် အာဇာနည်နေ့ကျင်းပရာ အာဇာနည်ဗိမာန်နေရာ၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နှင့် အလံတင်အခမ်းအနားကျင်းပရာအတွင်းရုံးနေရာပတ်ဝန်းကျင်တွင် ခေတ္တ လမ်းပိတ်ထားမည်ဖြစ်ပြီး အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံ တစ်ဝန်းရှိ နိုင်ငံတော်အလံတိုင်ဝက်လွှင့်ထူရေးနှင့် ဥဩဆွဲအချက်ပေးချိန်တွင် မော်တော် ယာဉ်များဟွန်းတီးစေရန်လည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အာဇာနည်နေ့ကို ယခင်နှစ်များနှင့်မတူ ခမ်းနားစွာကျင်းပမည်ဟု စစ်ကောင်စီက ဆိုထားသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော် အာဏာကိုသိမ်းယူ၍ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို ယနေ့ထိတိုင် ဖမ်းဆီးထားသည်။

ထို့ပြင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကျင်းပသည့် (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှ (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရသည့်အပြင် ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူအနေဖြင့် လွမ်းသူပန်းခွေပို့ဆောင်ကာ ဂါရ၀ပြု ကန်တော့ခွင့် မရရှိခဲ့ပေ။

ဓာတ်ပုံ – MOI ၊ လူမှုကွန်ရက်
#အာဇာနည်နေ့ #၇၇နှစ်မြောက် #အတွင်းဝန်ရုံး #ဗိုလ်ချုပ်အောင်ဆန်းနေအိမ် #နတ်မောက်ပြတိုက် #ဒေါ်အောင်ဆန်းစုကြည် #Ayeyarwaddy_Times