ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့်ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်ကျောင်းခွဲ နှစ်ကျောင်းနှင့် မူလတန်း၊အလယ်တန်းကျောင်း လေးကျောင်းထက်မနည်း ယာယီပိတ်ထားရကြောင်းသတင်းရရှိသည်။

အင်္ဂပူမြို့နယ်ရှိ သက္ကယ်ပြင်၊ ဘုရားကျွန်း၊ ဂျို့ကုန်း၊ခွေးတောင်ချောင်း၊ငါးပတ်ချောင်းနှင့်အုတ်ရှစ်ကုန်းစသော ကျေးရွာများမှ ကျောင်းများကို ပြီးခဲ့သည့်ဇူလိုင်လ ၁၅ရက်နေ့ မှစ၍ ပိတ်ထားရကြောင်း အင်္ဂပူမြို့နယ်ပညာရေးမှူးရုံးနှင့်နီးစပ်သူများထံကသိရသည်။

“အထက်တန်းကျောင်းခွဲနှစ်ကျောင်းနဲ့ မူလတန်းကျောင်း လေးကျောင်း မြစ်ရေဝင်လို့ စာသင်ကျောင်းတွေယာယီပိတ်လိုက်တာပါ။ မြစ်နဲ့ကပ်နေတာရယ် မြစ်ရေတက်နေတာရယ်ဆိုတော့ အနိမ့်ပိုင်းနေရာတွေရေဝင်ရင်းနဲ့စာသင်ခန်းတွေရေမြုပ်ကုန်တာပေါ့။ ရေကျမကျအခြေအနေအပေါ်မူတည်ပြီးတော့ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ညွှန်ကြားထားပါတယ်”ဟု အင်္ဂပူမြို့နယ်ပညာရေးမှူးရုံးနှင့်နီးစပ်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

စာသင်ကျောင်းများကို ဇူလိုင် ၂၁ရက်နေ့အထိ တစ်ပတ်ကြာ ယာယီကျောင်းပိတ်ထားခဲ့သည့်အပြင် ကျေးရွာ မြေနိမ့်ပိုင်းနေရာများ၌လည်း မြစ်ရေဝင်ရောက်နေ၍ အိမ်ထောင်စု ၁၀၀ ထက်မနည်း လူဦးရေ ၅၀၀ခန့်ကို ရေကင်းလွတ်ရာ အမြင့်ပိုင်းသို့ ယာယီရွှေ့ပြောင်းခဲ့ရကြောင်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ထံကသိရသည်။

“ မြစ်ရေတက်နေတာတော့ကြာပြီ တစ်ပတ်လောက်တော့ရှိတော့မယ်။ အခုစာသင်ကျောင်းဘက်ကောအိမ်ဘက်ပါရေဝင်လာတော့နေမရတော့လို့ မြင့်တဲ့နေရာကိုခဏပြောင်းလိုက်ရတယ်။လောလောဆယ် တော့ မီးသတ်နဲ့လူမှုကူညီရေးအသင်းတွေကကူညီပေးထားတာတော့ရှိပါတယ်။ မြို့နယ်ထွေအုပ်ဘက်ကစာရင်းကောက်တာပဲတွေ့ရတယ်”ဟု မြစ်ရေဝင်ရောက်ခဲ့မှုကြောင့်ယာယီပြောင်းရွှေ့ရသည့် ဂျို့ကုန်းကျေးရွာဒေသခံတစ်ဦးကဆိုသည်။

အလားတူ ဟင်္သာတနှင့်မြန်အောင်မြို့နယ်တို့၌
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ရက် နှင့် ၁၅ရက်နေ့ တို့က ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့်နေအိမ်အတွင်းသို့မြစ်ရေဝင်ရောက်မှုနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့်အိမ်ထောင်စု ၂၀၀ ကျော် အရေးပေါ်နေရာပြောင်းရွှေ့ခဲ့ရပြီး လိုအပ်သောစားနပ်ရိက္ခာများကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအချို့မှထောက်ပံ့ထားကြောင်းသိရသည်။

#အင်္ဂပူတွင် #မြစ်ရေဝင်ရောက် #စာသင်ကျောင်း #၆ကျောင်းထက်မနည်း #ယာယီပိတ် #Ayeyarwaddy_Times