ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

ရန်ကုန်မြို့တွင် ဖြစ်ပွားနေသောဝမ်းပျက်ဝမ်းလျှောရောဂါသည် သုံးပတ်ကျော်ကာလရောက်ရှိလာသော်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူတိုးလာနေပြီး ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ခုနစ် ဦးတွင် တစ်ဦးနှုန်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ) ပိုးတွေ့ရှိရကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၅ ရက် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာသစ် ၉၆ ဦးအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၁၃ ဦး တွေ့ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၆ ရက်မှ ၁၅ ရက်နေ့အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ၇၈၂ ဦးရှိခဲ့ပြီး ယင်းတို့ထဲမှ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ( ကာလဝမ်းရောဂါပိုး) တွေ့ရှိသူ ၁၁၁ ဦးရှိသဖြင့် ခုနစ်ဦးတွင် တစ် ဦးနှုန်း တွေ့ရှိခြင်းဖြစ်သည်။

“ ရောဂါဖြစ်လို့တစ်ပတ်ပိတ်ခိုင်းထားတဲ့ဆိုင်တွေ အခုပြန်ဖွင့်နေပြီ။ တစ်နေ့ကတည်းကဖွင့်နေတာတွေ့တယ်။ ရပ်ကွက်ထဲမှာတော့ ဝမ်းရောဂါဖြစ်တဲ့လူရှိတာမျိုးတော့မကြားမိဘူး” သာကေတမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းရှိ ဒေါပုံနှင့် သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းရောဂါစတင်ဖြစ်ပွားခြင်းပြီး လက်ရှိချိန်တွင် မည်သည့်မြို့နယ်များထံကူးစက်ပြန့်ပွားနေသည်ကိုမူမသိရပေ။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရသော လူနာစုစုပေါင်း ၆၁၃ ဦး ဆေးရုံဆင်းရပြီး ကျန်လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်နေပြီ ဖြစ်ကြောင်းသိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန်ကာကွယ်ရာတွင် လက်ကိုဆပ်ပြာဖြင့်သေချာဆေးရန်၊ သောက်သုံးရေကျိုချက်သောက်ရန်၊ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများကို သေချာစွာစွန့်ပစ်ရန်အပါအဝင် အစားအသောက်ကိုသန့်ရှင်းစွာကိုင်တွယ်ရန်နှင့် ယင်နားစာမစားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – MOI

#ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူတိုး #ကာလဝမ်းရောဂါဖြစ်သူတိုး #ရန်ကုန် #Ayeyarwaddy_Times