
ဧရာဝတီတိုင်းမ်
(ကျိုက်မရော)၊ ဇူလိုင် ၁၆ ရက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် ထောင်အာဏာပိုင် အသစ်များက နိုင်ငံရေးအကျဉ်းသား ငါး ဦးကို ရိုက်နှက်ကာ ယခုအချိန်အထိ ရက်၂၀ ကျော်ကြာ တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) က ယနေ့ ဇူလိုင် ၁၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အကျဥ်းထောင်အာဏာပိုင်များသည် ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က ခိုင်မာသည့် အကြောင်း ပြချက်မရှိဘဲ နိုင်ငံရေးအကျဉ်းသား ငါး ဦးကို ရိုက်နှက်၍ အတင်းအဓမ္မ ခေါ်ဆောင်ကာ ယနေ့အချိန်အထိ တိုက်ပိတ်ထားပြီး ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ကိုလည်း ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ နိုင်ငံရေးအကျဉ်းသား ငါးဦးဖြစ်သည့် ကိုလွမ်းဝေအောင်(၁၉-စ)၊ ကိုအောင်ဇော်မင်း(၅၂-က)၊ ကိုညီညီ (၅၂-က)၊ ကိုဇာနည်အောင် (၅၂-က)၊ ကိုနန္ဒအောင်လင်း(၅၀-ည)တို့ကိုပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ၆(၁)၊ လာရောက် ခေါ်ဆောင်ချိန်တွင် အသာတကြည်မလိုက်ဘဲ ခုခံသည်ဟုဆိုကာ ပုဒ်မ(၂၂၄) တို့ နှင့်တရားစွဲဆိုထားပြီး အခြားပုဒ်မများဖြင့်လည်း ထပ်မံအမှုဖွင့်ထား ကြောင်းသိရသည်။
“ကျိုက်မရောထောင်က ရှာဖွေရေးတွေ စစ်ဆေးရေးတွေအကြိမ်ကြိမ်လုပ်ခဲ့တဲ့ ထောင်တစ်ခုဖြစ်တယ်။ အဲ့ဒီကာလတွေတုန်းကဘာမှမဖြစ်ပဲ ဇွန်လ ၂၅ ရက်နေ့လောက်ကမှ လက်ကိုင်ဖုန်းသုံးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လာရောက် ခေါ်ထုတ်တယ်။ ခေါ်ထုတ်တာကလဲ ခိုင်မာတဲ့သက်သက်မပြနိုင်ပဲ အင်အား ၂၀ ကျော်လောက်နဲ့လာရောက်ခေါ်ထုတ်တယ်။ တုတ်တွေ လေးဂွတွေကိုင်ဆောင်ပြီး ခေါ်ထုတ်တာဖြစ်တယ်။ ခေါ်ထုတ်တာမှာလည်း အသာတကြည် မလိုက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းသားငါးဦးကို အဲ့ဒီနေရာမှာပဲရိုက်နှက်မှုတွေ ခေါ်သွားတဲ့ တလျှောက်မှာလည်း ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရှိထားပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျိုက်မရောထောင်ရှိ ထောင်အာဏာပိုင် ပြောင်းရွှေ့မှုများကို မကြာသေးမီအချိန်ကမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားများအပေါ်ဖိနှိပ်ခြင်း နှင့် လာဘ်စားရာတွင် နာမည်ကြီးသည့် ဦးချမ်းအေးကျော် သည် ကျိုက်မရောထောင်၏ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် ဦးကျော်ကျော်ဦး၊ ဦးစီးမှူးအဖြစ် ဦးကျော်ဇင်အောင် မှ တာဝန်ယူထား ကြောင်းလည်း သိရသည်။
“ညွှန်ကြားရေးမှူးအပါအဝင် ထောင်အာဏာပိုင်တွေအားလုံးက ကျိုက်မရောထောင်မှာ ဖြစ်နေတဲ့ကိစ္စတွေကို စနစ်တကျထိန်းကျောင်းဖို့ဆိုပြီးရောက်လာတာ ဖြစ်တဲ့အတွက် ရောက်ပြီဆိုတာနဲ့မဲတာပေါ့” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြာသည်။
ကျိုက်မရောထောင်၏ ထောင်ပိုင်အသစ်ဖြစ်သည့် ဦးချမ်းအေးကျာ်မှာ ယခင် မန္တလေးအိုးဘိုထောင်၊ အင်းစိန် ထောင်များတွင် တာဝန်ကျခဲ့ဖူးပြီး အထူးသဖြင့် အိုးဘိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်း သားများအပေါ် ဖိနှိပ်မှုများစွာလုပ်ခဲ့ကြောင်း လည်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဝန်ထမ်းများမှာ ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့က မကွေးအကျဉ်းထောင်သို့ အိုးဘိုထောင်မှ ထောင်ပြောင်းရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ရိုက်နှက် နှိပ်စက်ခဲ့ပြီး ဦးဆောင်နိုင်ငံရေး အကျဉ်းသား ၁၀ ဦးကို နှိပ်စက်ကာတိုက်ပိတ်ခဲ့ကြောင်းလည်း PPNM ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ကျိုက်မရောထောင် #နိုင်ငံရေးအကျဉ်းသား #ရိုက်နှက်နှိပ်စက်ခံရ #တိုက်ပိတ် #ထောင်အာဏာပိုင် #Ayeyarwaddy_Times