ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီက လက်လွှတ်ရမည်စိုး၍ လက်ကျန် ကျန်ရှိနေသော တပ်ပေါင်းစုများထံသို့ အင်အားဖြည့်တင်းခြင်းများလုပ်နေသော်လည်း သံတွဲရှိ ခမရ-၅၆၆ တပ်ရင်းနှင့် ခလရ- ၅၅ တို့ကို အာရက္ခတပ်တော် (AA) က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ စခန်းများမှ ထွက်ပြေးသော တပ်ဖွဲ့ဝင်များမှာ ကစဉ့်ကလျားထွက်ပြေးနေသည့် အတွက် AAက လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ရက်နေ့တွင် စစ်ကောင်စီက ဧရာဝတီအခြေစိုက်တပ်များကို ခေါ်ယူပြီး သံတွဲတွင် အင်အားဖြည့် စစ်ကူပို့ထားကြောင်း သိရသည်။
သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့ စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များပါဝင် တိုက်ခိုက်နေကြောင်း သိရသည်။
“တပ်ရင်း၊ တပ်မအစုံနဲ့ ခုခံနေပေမယ့် သံတွဲက ကျသလောက်ဖြစ်နေပါပြီ။ စစ်ကူဖြည့်တာကလည်း ဧရာဝတီဘက်ကပဲ ဖြည့်နိုင်တော့တာ။ ကျန်တဲ့လမ်းတွေအကုန်ပိတ်ဆို့ခံထားရတယ်။ စစ်တပ်ထဲပြေးတဲ့သူတွေလည်းပြေးနေကြတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့တပ်ရင်း၊ တပ်မပေါင်းစုံနှင့် စစ်ကူပို့ထားသော်လည်း စာနီတောင်ဂိတ်နှင့် သံတွဲထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားအချို့ စခန်းစွန့်ခွာထွက်ပြေးကြကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက ပြည်သူများ စစ်ရှောင်နိုင်သည့် တံတားနှင့်လမ်းများတွင် မိုင်းများထောင်ထားသည့်အတွက် ပြည်သူများ မိုင်းအန္တရာယ်ကို သတိထားကြရန် AA က ထုတ်ပြန်ထားသည်။
လက်ရှိတွင် သံတွဲမြို့ကိုပြည်သူများစွန့်ခွာ ထွက်ပြေးကြရာ ပြည်သူ ၈၀ရာခိုင်နှုန်းခန့် စစ်ရှောင်သွားကြပြီး မြို့အတွင်း ၂၀ရာခိုင်နှုန်းခန့်ပိတ်မိနေကြောင်း သိရသည်။
စစ်ကောင်စီက သံတွဲမြို့သို့စစ်ကူများ ပို့ဆောင်အင်အားဖြည့်သည့်အပြင် ယမန်နေ့ ဇူလိုင် ၁၃ရက်နေ့ကစတင်ပြီး ဖုန်းလိုင်းအချို့နှင့် အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်လိုက်သည့်အတွက် မြို့တွင်းကျန်ရှိနေသော ပြည်သူများနှင့်အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းမှစစ်ကူများကို လက်ရှိတွင် မောင်ရွှေလေးရေတပ်စခန်းသို့ ပို့ဆောင်တိုက်ခိုက် ခိုင်းထားပြီး သံတွဲမြို့အနှံ့ စစ်ကူများဖြန့်ကျက်ထားရန်စီစဉ်နေကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ- ၂၀၁၈ခုနှစ်က ဧရာဝတီတိုင်းအတွင်းလေ့ကျင့်ရေးဆင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ
#သံတွဲ #စစ်ကောင်စီ #စစ်ကူဖြည့် #စခန်းစွန့်ခွာပြေး #Ayeyarwaddy_Times