
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
ဧရာဝတီမြစ်နှင့်ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ မြို့ ၂၂ မြို့တွင် မြစ်ရေသည် လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ယနေ့ ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်း တိုင်းတာထုတ်ပြန်ချက်အရသိသည်။
အဆိုပါ မြို့ ၂၂ မြို့အနက် ဧရာဝတီမြစ်ကြောင်းပေါ်ရှိ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း မြို့တွင် လာမည့် ၁ ရက်အတွင်း ပေဝက်ခန့် နှင့် မြင်းမူမြို့တွင် ၃ လက်မ ရေကျဆင်းမည် ဖြစ်သော်လည်း စိုးရိမ်ရေမှတ်တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်းသိရသည်။
လာမည့် ၁ရက်အတွင်း ပခုက္ကူ၊ ညောင်ဦးတို့တွင် ၃ လက်မ ရေကျပြီး ချောက်တွင် ၁ ပေခန့်တက်ပြီး မင်းဘူးတွင် ၁ ပေခွဲခန့်မြင့်တက်မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် မကွေး၊ အောင်လံ၊ ပြည်တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ဆိပ်သာတွင် ၁ ပေခွဲခန့်မြင့်တက်ကာ စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနိုင်ကြောင်းသိရသည်။
အဆိုပါဧရာဝတီမြစ်ရေသည် ဧရာဝတီတိုင်းအတွင်းရှိ ဆိပ်သာမြို့တွင် လာမည့် ၁ရက် အတွင်း ၁ ပေခွဲခန့်မြင့်တက်မည်ဖြစ်ပြီး ဇလွန်တို့တွင် စိုးရိမ်ရေမှတ်ရောက်ရှိမည် ဖြစ်ကာ ဟင်္သာတတွင် ၃ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် လာမည့် ၁ရက်အတွင်း ၁ ပေခွဲခန့်ကျဆင်းနိုင်ပြီး စိုးရိမ် ရေမှတ်ကျော်တွင် တည်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်သည်။
လာမည့် ၁ ရက်အတွင်း ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာတွင် ၁ ပေခွဲခန့်ကျဆင်းပြီး စိုးရိမ်ရေမှတ်ပေါ်တွင် ရှိနေမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့များတွင်နေထိုင်သူ လူဦးရေသိန်းနှင့်ချီရှိပြီး ရေဘေးဒုက္ခများခံစားနေကာ အချို့ ဒေသများတွင် စိုက်ပျိုးသီးနှံဆုံးရှုံးမှုများရှိကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#ဧရာဝတီမြစ် #ချင်းတွင်းမြစ် #မြစ်ရေကြီး #စိုးရိမ်ရေမှတ်ရှိ #မြို့၂၂မြို့နယ် #Ayeyarwaddy_Times