နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းသည် အဆိုပါ SCO အဖွဲ့ဝင် လျှောက်ထားမှု ကိစ္စရပ်ကြောင့်ဖြစ်ပြီး မြန်မာ့ပြည်တွင်းရေးနှင့် သက်ဆိုင်ခြင်းမရှိကြောင်း နီးစပ်သူများထံက သိရသည်။

ဒုစစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံတွင် ကျင်းပရန်ရှိသော SCO ၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့ ဇွန် ၆ ရက်က နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ပြီး စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဦးမင်းနောင်နှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

“အခု တရုတ်၊ ရုရှားတို့ ဦးစီးပြီး လုပ်နေတဲ့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ထဲကို ဝင်ဖို့လျှောက် ထားတဲ့ထဲမှာ မြန်မာပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့တော့ ပြောတာပဲ။ လျှောက်ထားတဲ့ နိုင်ငံက ခေါင်းဆောင်တွေကို ခေါ်ပြီးတွေ့တာလို့ သိရတယ်။ လက်ရှိမှာ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဝင်က ၁၀ နိုင်ငံရှိတယ်” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို တရုတ်၊ ရုရှားတို့ ဦးဆောင်၍ ဆိုဗီယက်ယူနီယံ အဖွဲ့ဝင်ဟောင်း နိုင်ငံများဖြစ်သော ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ဖြင့် ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ အိန္ဒိယ၊ အီရန်၊ ပါကစ္စတန်နှင့် ဘီလာရုစ်တို့ ပါဝင်လာသည့်အတွက် လက်ရှိတွင် အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးသော စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းတို့ကို လွှမ်းခြုံထားနိုင်ပြီး တူရကီ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်အပါအဝင် လေ့လာသူအဆင့်နှင့် ဆွေးနွေးဖက်နိုင်ငံ စုစုပေါင်း ၁၄ နိုင်ငံရှိကာ မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာသိမ်း ပြီးနောက် ၂၀၂၂ ခုနှစ်က ဆွေးနွေးဖက် နိုင်ငံအဖြစ် အတည်ပြုခံခဲ့ရ၍ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ လက်မှတ်ရေးထိုး ပါဝင်လာခဲ့ကြောင်း သိရသည်။

“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုတာ အာရှတိုက်မှာရှိတဲ့ နိုင်ငံအချင်းချင်းကြား ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံရေးပေါ့ဗျာ၊ လုံခြုံရေးအတွက်ပဲ လုပ်တာဖြစ်တော့ ကျွန်မတို့ ပြည်တွင်းနဲ့က ဘာမှမဆိုင်ပါဘူး။ ကျွန်မတို့ ပြည်တွင်းရေးကို ကျွန်မတို့ဘာသာ ဆက်လုပ်ဖို့ပဲရှိတယ်။ ဒါနိုင်ငံအချင်းချင်း ဆက်ဆံရေးအတွက်ပဲ အဓိကဖြစ်ပါတယ်” ဟု ဒေါက်တာ လှကျော်ဇောက ဆိုသည်။

ဒုစစ်ခေါင်းဆောင်အနေဖြင့် အဆိုပါ ခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး အကြိမ် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး ယင်းမတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာချန်းဟိုင်နှင့်လည်း တွေ့ဆုံ၍ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်အပါအဝင် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်သည် ၎င်းတာဝန်ပြီးဆုံး၍ ပြန်လည် မထွက်ခွာခင် ဇူလိုင် ၄ ရက်က နေပြည်တော်တွင် စစ်ခေါင်းဆောင်၊ စစ်ကောင်စီခန့် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ဖြင့် တွေ့ဆုံ၍ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှု၊ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များအပါအဝင် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် စစ်အုပ်စု၏ သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး ၎င်း၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် သီးခြားတွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီးနောက် ဒုစစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ကိစ္စ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#ဒုစစ်ခေါင်းဆောင် #SCOဖိုရမ်တက်ရောက် #တရုတ် #ပြည်တွင်းရေး #သက်ဆိုင်ခြင်းမရှိ #Ayeyarwaddy_Times