
ဧရာဝတီတိုင်းမ်
(မတ္တရာ)၊ ဇူလိုင် ၇ ရက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းပေါင်း ၂၅ ခုကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြာင်း မန္တလေး PDF က ယမန်နေ့ ဇူလိုင် ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မတရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် စခန်းသာ၊ ကျောက်မဏ္ဍပ်၊ စပါးကျည်တောင်၊ ကျောက်ကြမ်းတောင်၊ ငွေပုထိုး၊ ရှင်မတောင်၊ နဂါးပတ်၊ နွားခြံကုန်း၊ ဝန်တင်ကုန်း၊ လက်သန်းတောင်၊ ခြေတော်ရာ၊ ကိုရင်လေးတောင်၊ ကင်းရွာ၊ ဆည်တော် လမ်းခွဲရှိ၊ ရေနံ့သာ တိုးဂိတ်၊ ရေနံ့သာရဲစခန်း၊ ပတ်လည်အင်း တပ်စခန်းတို့အပါအဝင် တပ်စခန်းပေါင်း ၂၅ ခုကို အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
စခန်းသိမ်း တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ ၁၂၀-မမ စိန်ပြောင်း တစ်လက် အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
ထို့ပြင် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့ဝင်များက မန္တလေး PDFထံ လက်နက်ချ အညံ့ခံမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အဆိုပါ စခန်းသိမ်း စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ မတ္တရာမျိုးမှန်တပ်ဖွဲ့ နှင့် SSTF တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် စဉ့်ကူးမြို့နယ်တွင်လည်း စစ်ဆင်ရေး များကို ဖော်ဆောင်နေပြီး အဆိုပါစစ်ဆင်ရေး တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်စခန်း ခုနစ်ခုကို သိမ်းပိုက်ထားနိုင်ကာ စစ်သုံ့ပန်း ၁၃ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#MDYPDF #မန္တလေး #မတ္တရာ #စခန်းသိမ်းတိုက်ပွဲ #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #Ayeyarwaddy_Times