
ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ရန်ကုန်တွင် ကာလဝမ်းပျက်ဝမ်းလျှောရောဂါပိုး ( cholera ) ရှိသူ ငါးဦးတွေ့ရကြောင်း ယမန်နေ့ ဇူလိုင် ၆ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများထံပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သဲကွင်းကျူးကျော်ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းရောဂါဖြစ်ပွားသူ ၁၂ ဦးတွေ့ရှိရာမှ စတင်၍ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ဖြစ်ပွားပြီးနောက် ၄ ရက်အတွင်း ကာလဝမ်းပျက်ဝမ်းလျှောရောဂါပိုးရှိသူ ငါးဦး တွေ့ရှိရခြင်းဖြစ်ပြီး ဝမ်းပျက်ဝမ်းလျောကြောင့် ဆေးရုံတက်၍ ဆေးကုသမှုခံယူသူ မည်မျှရှိကြောင်းကိုမူ မသိရပေ။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် ရပ်ကွက်ကို စစ်ဆေးခဲ့ရာ နေအိမ် ၁၆၆ လုံး၊ လူဦးရေ ၆၄၆ ဦး နှင့် အိမ်သာ ၁၂ ခန်းရှိသာရှိသဖြင့် ယင်းနေရာမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းရှိ ဆေးရုံအသီးသီးတက်ရောက်ကုသနေသော ဝမ်းပျက်ဝမ်း လျှောရောဂါရှိသူ လူနာများ၏ ဝမ်းနမူနာကိုစစ်ဆေးရာတွင် ကာလဝမ်းပျက်ဝမ်းလျှောရောဂါပိုးရှိသူ ငါးဦးတွေ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လေးဦးနှင့် ဝိတိုရိယအထူးကုဆေးရုံကြီးတွင် တစ်ဦး တို့ဖြစ်ကာ ကျန်သူများတွင် တွေ့ရှိရခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။
ထို့ပြင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်သူများထဲမှ တစ်ဦးသည် ရောဂါကြောင့်မဟုတ်ဘဲ နဂိုကတည်းက ခုခံအားကျဆင်းမှုရောဂါအခံ (HIV ) ရှိ၍ သေဆုံးခဲ့ကြောင်း ကောင်စီပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် ရပ်ကွက်တွင် ယာယီဆေးခန်းဖွင့်ကာ လူနာအသစ်လက်ခံ၍ ဆေးကုသပေးနေပြီး ရေသန့်ဖြန့်ဝေခြင်း၊ ရပ်ကွက်အတွင်း ကလိုရင်းဆေးခတ်ခြင်းများကို ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ဆိုထားသည်။
လက်ရှိတွင် သာကေတမြို့နယ်အတွင်းရှိ လမ်းဘေးဆိုင်များ၊ လက်သုပ်စုံဆိုင်များ တစ်ပတ်(၇ရက်) ခန့်ပိတ်ရမည်ဖြစ်ကြောင်း မြို့ခံများထံက သိရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန်ကာကွယ်ရာတွင် လက်ကိုဆပ်ပြာဖြင့်သေချာဆေးရန်၊ သောက်သုံးရေကျိုချက်သောက်ရန်၊ အမှိုက်နှင့်စွှန့်ပစ်ပစ္စည်းများကို သေချာစွာစွှန့်ပစ်ရန်၊ အစားအသောက်ကိုသန့်ရှင်းစွာကိုင်တွယ်ရန်နှင့် ယင်နားစာမစားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ဓာတ်ပုံ – သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်း
#ကာလဝမ်းပျက်ဝမ်းလျှောရောဂါ #cholera #ရန်ကုန် #ငါးဦး #စစ်ကောင်စီ #Ayeyarwaddy_Times