နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့ပြုလုပ်ရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင် နှင့် တွေ့ဆုံစဉ်၌ ဆွေးနွေးခဲ့ကြောင်း ယမန်နေ့ ဇူလိုင် ၅ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုဟု ရှု့မြင် နေသော်လည်းအာဏာသိမ်း စစ်ကောင်စီက ပြုလုပ်လိုသော ရွေးကောက်ပွဲသည် တရုတ်၏ လိုလားချက်နှင့် ကွာဝေးနေဆဲဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။

“တရုတ် ဖြစ်စေချင်တဲ့ ရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင်တို့ လုပ်ချင်နေတဲ့ ရွေးကောက်ပွဲက တော်တော်ကွာဝေးတယ်။ တရုတ်ကတော့ မြောက်ပိုင်းသုံးဖွဲ့နဲ့ အပစ်အခတ် ရပ်စဲပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ကို တွန်းနေတယ်။ မင်းအောင်လှိုင်က ဒါကို သဘောတူပုံ မရဘူး။ အဓိကကတော့ လူတွေကို ရွေးကောက်ပွဲနဲ့ လှည့်ဖြားနေတာ” ဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည် မထွက်ခွာခင် ဇူလိုင် ၄ ရက်က နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံ၍ နယ်စပ်ဒေသ တည်ငြိမ်ရေးအပါအဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စစ်ကောင်စီ၏ ပြင်ဆင်နေမှုများနှင့် စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“တရုတ်ကတော့ မြန်မာရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုလို မြင်ပုံရပါတယ်။ အရပ်သားအစိုးရတစ်ခု (ဘယ်လိုပုံပဲဖြစ်ဖြစ် ထွက်ပေါ်လာရင်) ဆက်ဆံရေးမှာ ခုသာခံသာ ရှိတာပေါ့။ ပြဿနာကတော့ မင်းအောင်လှိုင်က ရွေးကောက်ပွဲ အချိန်ဇယား၊ လုပ်ငန်းစဉ် အတိအကျ မပြောသေးပါဘူး။ အခုဆွေးနွေးတာကလည်း အသေးစိတ်တွေ သိချင်လို့ မေးမြန်းတာ ဖြစ်နိုင်ပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၎င်းတို့လက်ထက်၌ ရွေးကောက်ပွဲ ပြန်လည် ကျင်းပရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသလို ပြီးခဲ့သည့် ဇွန် ၁၅ ရက်က မိတ္ထီလာခရိုင်အတွင်းရှိ Non CDM များနှင့် တွေ့ဆုံစဉ် ယခုနှစ် သန်းခေါင်စာရင်း ကောက်ယူရန် ဆောင်ရွက်နေပြီး လာမည့်နှစ် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ကြိုတင်ပြင်ဆင်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“နိုင်ငံတကာကတော့ ရွေးကောက်ပွဲကို ယေဘုယျလက်ခံဖို့ ခက်ပါမယ်။ တလောက ရခိုင်ပါတီ (ANP) ကို မှတ်ပုံတင် ငြင်းလိုက်တာမျိုး၊ အရေးပါတဲ့ နိုင်ငံရေးအင်အားစုတွေ မပါဝင်နိုင်တာမျိုး၊ ပါတီတွေကို လက်အောက်ခံသဖွယ် ဆက်ဆံနေတာမျိုးက သူတို့ ရွေးကောက်ပွဲကို ယုံကြည်မှု ကျဆင်းစေနိုင်ပါတယ်။ အခုပြင်းထန်နေတဲ့ စစ်ပွဲတွေကလည်း ရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်တဲ့ တည်ငြိမ်ရေးအတွက် မေးခွန်း ဖြစ်စေပါတယ်” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ တရုတ်သံရုံး၏ ထုတ်ပြန်ချက် တွင်မူ ရွေးကောက်ပွဲကိစ္စ ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုသာ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

“တရုတ်အနေနဲ့ သူထင်သလို ဖြစ်မလာတာမျိုး၊ သူလိုလားသလို ဖြစ်မလာခဲ့ရင် စစ်ကောင်စီနဲ့ ဆက်ဆံရေးကတော့ တစ်စုံတစ်ရာ အခက်အခဲရှိလာနိုင်တယ်။ ဒါပေမယ့် တရုတ်-မြန်မာ ဆက်ဆံရေးဟာ မလွဲမသွေလိုတာဗျ။ တရုတ်ကလည်း မြန်မာပြည်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ လိုတယ်၊ သူ့စီးပွားရေးတွေဘာတွေ ရှိနေတော့ စိတ်ရှည်လက်ရှည် ချဉ်းကပ်မှာပဲ။ မြန်မာပြည်အတွက်ကလည်း တရုတ်က အကြီးမား ဆုံး မဟာမိတ်ဖြစ်တော့ ဆက်ဆံမှာပဲလေ” ဟု ဒေါက်တာ လှကျော်ဇောက ပြောသည်။

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သလို ဇူလိုင် ၅ ရက်နေ့တွင် ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်သီးခြားစီ ထပ်မံတွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အပါအဝင် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ရွေးကောက်ပွဲ #တရုတ်သံအမတ် #တရုတ်လိုလားချက် #Ayeyarwaddy_Times