ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ပုသိမ် မြစ်ကမ်းနံဘေးရှိ ကျေးရွာအချို့၌ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်နေ့ကစပြီး စစ်ကောင်စီတပ်မှပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့သည့်အတွက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့်ဒေသခံများမှာအခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်းသိရသည်။

လေးမျက်နှာမြို့နယ် ပုသိမ်မြစ်ကမ်းနံဘေးရှိ ခတ္တူ၊ အပယ်ရွာ၊ ညောင်ပင်ကွင်းနှင့် ဈေးသစ် ကုန်းစသည့်ကျေးရွာများအနီးသို့ အာရက္ခတပ်တော်(AA)မှဝင်ရောက်လာနိုင်သည်ဟုအကြောင်းပြ၍ ပြီးခဲ့သည့် ဇူလိုင်လ ၂ရက်နေ့ကစပြီး စစ်ကောင်စီတပ်မှ ပုဒ်မ ၁၄၄ထုတ် ပြန်ခဲ့၍ ဒေသခံကျေးရွာသားများမှာ မြစ်
အတွင်းသို့ ငါးဖမ်းသွားရန် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

“ပုဒ်မ ၁၄၄ ထုတ်လိုက်တာမကြာသေးဘူး။ ဘာအကြောင်းလဲတော့မပြောဘူး။ ကြားတာတော့ AA တွေဝင်လာမှာမို့လို့ ပဲသိရတယ်။ မြစ်နဲ့နီးတဲ့ ရွာတွေချည်းပဲပုဒ်မ ၁၄၄အထုတ်ခံရတာ။မြစ်ထဲငါးဖမ်းလုပ်တဲ့သူတွေအတွက်လည်းသွားလာဖို့ခက်ခဲကုန်တာပေါ့”ဟုခတ္တူကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းသို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့၍ ကျေးရွာများမှ ငါးဖမ်းလုပ်ကိုင်သူများမှာ မြစ်အတွင်းသို့သွားလာရာ၌ ညအချိန်ကျော်လွန်သွားလာမိပါက စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးမှုများရှိနေသဖြင့် မြစ်အတွင်းသို့သွားလာရန် အခက်ကြုံနေရသည့်အပြင် မိသားစုစားဝတ်နေရေးအတွက်လည်း အခက်အခဲများဖြင့်
ရင်ဆိုင်နေရကြောင်း ကျေးရွာဒေသခံများကပြောဆိုသည်။

“အခုလိုပုဒ်မ ၁၄၄ ထုတ်လိုက်တော့ မြစ်ထဲငါးဖမ်းသွားဖို့အတွက်ခက်ကုန်ပြီ။ ကျွန်တော်တို့သွားဖမ်းတာနေ့ခင်းကနေ ညအချိန် အထိဆိုတော့အဆင်မပြေဘူး။ ရွာထိပ်မှာစစ်တပ်တွေညအချိန်လွန်တာနဲ့ပစ်ဖမ်းတာပါလုပ်တော့မသွားရဲမလာရဲဖြစ်ကုန်တာ။ ကြာလာရင်မိသားစုစားဝတ်နေရေးအတွက်ခက်ခဲလာနေပြီ”ဟု ညောင်ပင်ကွင်းကျေးရွာမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်(၂)ရက်နေ့ကစပြီး မြို့နယ် စစ်ကောင်စီက ညနေ၆နာရီမှ မနက် ၆ နာရီအထိ အပြင်ထွက်သွားလာခွင့်ကို ကန့်သတ်၍ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားခြင်းဖြစ်သည်။

#ပုသိမ်မြစ်ကမ်းနံဘေး #ကျေးရွာအချို့ #AAများဝင်ရောက်နိုင် #ပုဒ်မ၁၄၄ထုတ်ပြန်ထား #Ayeyarwaddy_Times