ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၆ ရက်

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီ စစ်ကြောင်းက ဖမ်းခေါ်သွားသူ ရှစ်ဦးအနက် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိရပြီး သတ်ဖြတ်ခံထားရသည့် အလောင်းလေးလောင်းကို ရေချောင်းထဲတွင် ၂ ရက်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားများထံက သိရသည်။

အဆိုပါဒေသခံများသည် ဇူလိုင် ၁ ရက်နေ့တွင် ဇာဒီရွာမှ ခေါင်ပြန်ရွာသို့ ထွက်ခွာလာစဉ် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ရှိ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက် နေ့လယ် ၁ နာရီခန့်က ဇာဒီရွာ အနောက်ကုန်းတွင် နေထိုင်သည့် အသက် (၅၅) နှစ်အရွယ်ရှိ ဦးလိုင်းရား ၊ ခေါင်ပြန်ရွာတွင် နေထိုင်သည့် အသက် (၆၀) အရွယ်ရှိ ဦးကျော်စိန် နှင့် အသက် (၄၅) နှစ်အရွယ်ရှိ ဦးအောင်ဇော်ဝင်း တို့၏ ရုပ်အလောင်းများကို ခေါင်ပြန်ရွာသုသာန်ဟောင်းအနီး ရေချောင်းအတွင်း နှိပ်စက် ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်တွေ့ကြောင်း ဒေသခံများကဆိုသည်။

“အလောင်းကိုတော့ ကိုနိုင်နိုင် ရုပ်အလောင်းတွေ့တဲ့ နေရာနားမှာပဲ အားလုံး တွေ့ရတယ်။ လေးရက်မြောက်နေ့မှာပြန်တွေ့တာပေါ့။ လက်ကို နောက်ပြန် သံကြိုးနဲ့တုတ် ထားတဲ့ အနေထားနဲ့တွေ့တာပါ။ လည်ပင်းကိုလည်း ဓားနဲ့ လှီးထားတယ်။ လည်ပင်းပြတ်ထွက်ဖို့ နည်းနည်းလေးပဲကျန်တယ်။ ခန္ဓာကိုယ်အနှံ့ နှိပ်စက်ထားတဲ့ဒဏ်ရာတွေ လည်းများတယ်။ အလောင်းတွေက လောက်တွေတောင် တက်နေပြီ” ဟု ခေါင်ပြန်ရွာဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိအချိန်အထိ ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးခေါ် ဆောင်သွားသည့် ရှစ်ဦး အနက် ပထမနေ့ ဇူလိုင် ၃ ရက်နေ့ တွင် တစ်ဦး ၊ ဇူလိုင် ၄ ရက်နေ့တွင် သုံး ဦး စုစုပေါင်းလေး ဦးတို့၏ အလောင်းများကို ရေချောင်းအတွင်း ပြန်လည် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

” ၃ ရက်နေ့က တစ်လောင်းတွေ့တာကြောင့် မသင်္ကာလို့ အဲဒီနေရာ အနီးတစ်ဝိုက်မှာ ထပ်ရှာတာပေါ့။ နောက်ရက်မှာ နောက်ထပ် သုံးလောင်းထပ်တွေ့တယ်။ စစ်တပ်က ခေါင်ပြန်ရွာ တံတားကြီးပေါ်ကနေပြီး သတ်ဖြတ်ပြီး ချောင်းထဲကို မျှေချခဲ့တာဖြစ်မယ်” ဟု ခေါင်ပြန်ရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒေသခံများက အဆိုပါ ရုပ်အလောင်းများကို ဆယ်ယူ၍ ခေါင်ပြန်ရွာ အနောက်ကုန်းရှိ သင်္ချိုင်းတွင် သွားရောက်မြုပ်နှံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား ရှစ် ဦးအနက် ကျန်ရှိနေသော အမျိုးသားလေးဦးကို စစ်ကြောင်းထိုးရာတွင် လူသားဒိုင်းသဖွယ် ပြုလုပ်ရန် အတွက် ခေါ်ဆောင်သွားကြောင်းမိသားစုဝင်များ နှင့် နီးစပ်သူများကဆိုသည်။

#ဇာဒီကျေးရွာအုပ်စု #စစ်ကောင်စီတပ် #ဖမ်းဆီးခေါ်ဆောင် #အမျိုးသားများ #ရုပ်အလောင်း #ရေချောင်း #သတ်ဖြတ်ခံရသူ၄ဦး #Ayeyarwaddy_Times