
ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် မြို့နယ် အတွင်းရှိလမ်းဘေးဈေးဆိုင်များအပါအဝင် စားသောက်ဆိုင်ကြီးများတွင် လက်သုပ်စုံ ရောင်းချခွင့် တစ်ပတ်(၇ ရက်) ပိတ်ထားပြီး ရပ်ကွက်အတွင်းရှိ သောက်သုံးရေများတွင် ဆေးခပ်နေကြောင်း သိရသည်။
သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းရှိ သောက်သုံးရေများကို ကလိုရင်းနှင့် ဆေးဝါးများပါဝင်သော ဆေးရည်များ လိုက်လံခပ်ပေးနေကြောင်း သာကေတမြို့နယ်ရှိ လူမှုကူညီရေးအသင်းထံက သိရသည်။
“လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းကဖြစ်နေတယ်လို့ကြားတယ်။ မနေ့ ညက ရပ်ကွက်ထဲက အသုပ်ဆိုင်တွေပိတ်ဖို့လိုက်အော်တာကြားတယ်။ အဖြစ်များနေလား မသိဘူး။ အိမ်အနီးအနားမှာ သေဆုံးတာမျိုးတော့မကြားသေးဘူး “ ဟု သာကေတမြို့ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသဖြင့် ထပ်မံ၍ ရောဂါကူးစက်မှု ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ထိန်းသိမ်းကုသရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယမန်နေ့ ဇူလိုင် ၅ ရက်မှ ၁၂ ရက်နေ့အထိ လမ်းဘေးဆိုင်နှင့်စားသောက်ဆိုင်အချို့ပိတ်ရမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံးက ကြေညာထားသည်။
အဆိုပါဆိုင်များတွင် လက်သုပ်စုံ၊ မုန့်ဟင်းခါးဆိုင်၊ မုန့်တီအရောင်းဆိုင်၊ အစုံသုပ်ဆိုင်၊ အကင်ဆိုင်၊ ဒုတ်ထိုးများ၊ ခွဲခြမ်းရောင်းချသောအသီးဆိုင်များ၊ ယင်နားနိုင်သော အစားအစာများ ပြင်ဆင်ပြုလုပ်ထားသော အစားသောက်များနှင့်သန့်ရှင်းမှုမရှိသော အစားအစာများရောင်းချခြင်းမပြုရကြောင်း သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ရပ်ကွက်အတွင်း အသိပေးကြေညာသွားကြောင်း သာကေတမြို့ခံတစ်ဦးက ပြောကြား သည်။
လက်ရှိ သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုတိုးပွားနေပြီး ကာလဝမ်းရောဂါပိုး ( cholera) အဆင့်ထိရောက်ရှိခြင်း ရှိ၊ မရှိ ကိုမူမသိရသေးကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။
အဆိုပါဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းတွင် မသန့်ရှင်းသည့်အစာနှင့် မသန့်ရှင်းသည့်ရေကိုစားသောက်မိခြင်းကြောင့်ဖြစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းကြောင့်ဖြစ်ပွားနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
“ ဟိုးအရင်တုန်းကပဲ ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပြီးတော့ ကာလဝမ်းရောဂါ ဖြစ်ဖူးတယ်။ အဲဒီတုန်းက ကပ်ရောဂါလိုဖြစ်တာ။ အခုက အဲဒီလို outbreak မဖြစ်သေးဘူးထင်တယ်။ ကျန်းမာရေးဌာနက တရားဝင် မပြောသေးဘူး။ ပုံမှန်ဝမ်းက အဝါရောင်ရှိတယ်။ ဝမ်းပျက်ဝမ်းလျှောက ဝမ်းတွေက ဆန်ဆေးရည်လိုဖြူနေတာ။ ရေကြီးတဲ့နေရာတွေမှာ ဖြစ်တတ်လို့ နာဂစ်တုန်း ဧရာဝတီတိုင်းမှာဖြစ်မှာ စိုးနေတာမဖြစ်ဘူး။ အခုကျ ဒီမှာဘယ်လိုဖြစ်လဲမသိဘူး။ ယင်နားစားတွေ မစားဖို့ လိုတယ် “ ဟု ကျန်းမာရေးဝန်ထမ်းဟောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါဝမ်းပျက်ဝမ်းလျှောရောဂါတွင် ကာလဝမ်းရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ နှင့် နာတာရှည်ဝမ်းပျက်ဝမ်းလျှောရောဂါဟူ၍ရှိပြီး ယခုဖြစ်ပွားမှုသည် မည်သည့်အဆင့်ရောက်ရှိနေကြောင်းကို စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ဝမ်းပျက်ဝမ်းလျှောရောဂါ ရောဂါလက္ခဏာများတွင် နာရီပိုင်းအတွင်း ငါးညှီနံ့နံသော ဆန်ဆေးရေ အရောင်ကဲ့သို့ ဖြူကျဲကျဲ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်း နှင့် တစ်နေ့တည်းမှာပင် သုံးကြိမ်နှင့်အထက်သွားခြင်းတို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိရောက်စွာကုသမှု မခံယူပါက ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်၍ လုံးဝပေါ့ဆ၍ မရကြောင်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနှုန်းများပြီး ၁၀ ရာခိုင်နှုန်းခန့်သေဆုံးမှု၍ ၂၀၁၄ ခုနှစ်စစ်တမ်းအရ မြန်မာနိုင်ငံရှိ ၅ နှစ်အောက်ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု နှုန်းလျော့ကျလာသော်လည်း ကလေးငယ်များတွင် ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။
လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူများတွင် အသက်အရွယ် ကြီးမြင့် သူများပါဝင်ပြီး ဆရာဝန်နှင့်ပြကာ ဆေးရုံဆေးခန်းများတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။
အဆိုပါရောဂါကြောင့် သာကေတမြို့နယ်တွင် သေဆုံးသူ ငါးဦးရှိကြောင်း BBC သတင်းဌာနတွင်ဖော်ပြထားသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။
ထို့ပြင် သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး အချို့တွင် ကာလဝမ်းရောဂါဖြစ်ပွားမှု တွေ့ရကြောင်း စစ်ကောင်စီဆက်စပ်မှုရှိသည့် One News Myanmar သတင်းဌာနတွင် ဖော်ပြထားသည်။
ဝမ်းပျက် ဝမ်းလျှော ရောဂါမဖြစ်ပွားစေရန် ကာကွယ်ရာတွင် လက်ကို ဆပ်ပြာဖြင့်သေချာဆေးရန်၊ သောက်သုံးရေးကျိုချက်သောက်ရန်၊ အမှိုက်နှင့်စွန့်ပစ် ပစ္စည်းများကို သေချာစွာစွန့်ပစ်ရန်၊ အစားအသောက်ကိုသန့်ရှင်းစွာ ကိုင်တွယ်ရန်နှင့် ယင်နားစာမစာခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဝမ်းပျက်ဝမ်းလျှောရောဂါ #ရန်ကုန် #ဖြစ်ပွားမှုနှုန်းမြင့်တက် #သာကေတ #Ayeyarwaddy_Times