
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇူလိုင် ၃ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ် ၊ ရာဖူးကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် တပ်ဖွဲ့ဝင် ၄၉ ဦး သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းက ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်သည်။
ရေဖြူမြို့နယ်၊ သာယာမွန်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်အပါအဝင် တပ်သား ခုနစ် ဦး သေဆုံးခဲ့ကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့နောက် ရာဖူးကျေးရွာအတွင်း စစ်ကောင်စီတပ်များရောက်ရှိနေကြောင်း သတင်းကြားရသည့် အတွက် ဇွန် ၁၁ ရက်နေ့တွင် ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ခလရ-၂၇၃ တပ်ရင်းမှ တပ်ရင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးသန်းဌေးအောင် အပါအဝင် တပ်သား သုံး ဦး ထပ်မံသေဆုံးခဲ့သည်။
ထို့ပြင် ဇွန် ၁၉ ရက်နေ့တွင်လည်း မျောက်ချော ကျေးရွာတွင် ထပ်မံ၍ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၃၈ ဦးသေဆုံးခဲ့ပြီး MA-2 သေနက်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲ သုံးကြိမ် မှာ သူတို့ (စစ်ကောင်စီတပ်) က ၄၉ ဦး သေတယ်။ အခုအချိန်အထိလည်း ရေချောင်းမှာ စစ်ကောင်စီတပ်သား အလောင်းတွေ တင်နေသေးတယ်။ အဲဒီလို တင်နေတဲ့ အလောင်းတွေက ပုပ်စော်နံလို့ ဒေသခံရွာသားတွေက နှာခေါင်းပိတ်ပြီး ဒုတ်နဲ့ ထိုးချနေရတယ်”ဟု ဒေါနစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦး က ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် မိသားစုဝင် လေး ဦး အပါအဝင် အခြား အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရပြီး စစ်ကြောင်းထိုး မီးရှို့မှုကြောင့် မျောက်ချောရွာနှင့် နဂါးအိုင်ရွာမှ နေအိမ် အလုံး ၄၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်းလည်း ဒေါနစစ်ကြောင်းထံက သိရသည်။
“လက်ရှိကတော့ သူတို့(စစ်ကောင်စီတပ်)က ကလယ်ရွာအနီးက လေယာဉ် ကွင်းဟောင်းဆိုတဲ့ နေရာမှာ စခန်းချထားတယ်။ အင်အားကိုတော့ သူတို့ ထပ်ပြီးတော့ ဖြည့်ထားတာတွေရှိတယ်။ အဓိကကတော့ စစ်မှုထမ်း သင်တန်းဆင်းတွေ ထင်တယ်။ မတရားစစ်မှုထမ်း ဥပဒေနောက်ပိုင်းခေါ်ထားတဲ့ အပတ်စဉ်တွေပေါ့နော်” ဟု ဒေါနစစ်ကြောင်း စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရန်နိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေဖြူမြို့နယ်အတွင်းရှိ တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ NMSP(AD)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း-၁၊ KTLA၊ တနင်္သာရီ တပ်ရင်း-၂၊ Ye Air Force(YAF)၊ (Saw Dragon Drone Force – SDDF) ဒရုန်းအထူးတပ်ဖွဲ့ နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ဒေါနစစ်ကြောင်း
#ရေဖြူ #တိုက်ပွဲ #တလတာ #စစ်ကောင်စီတပ် #အရာရှိသေဆုံး #ဒေါနစစ်ကြောင်း #Ayeyarwaddy_Times