ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

စစ်ကောင်စီအာဏာသိမ်းထားသည့် ၃ နှစ်အတွင်းဘိန်းစိုက်ပျိုးများလာကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုမြင့်တက်လာကြောင်း စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်မှူးကြီး ရာပြည့်က ဇွန်လ ၂၅ ရက်နေ့တွင် ဝန်ခံပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ၃၅ ရာခိုင်နှုန်း တိုးလာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဇွန်လ ၂၆ ရက်နေ့တွင်ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဘိန်းထုပ်လုပ်မှု မက်ထရစ်တန်ချိန် ၇၉၀ ရှိရာမှ ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၁,၀၈၀ အထိမြင့်တက်သွားကြောင်း အစီရင်ခံစာတွင်ပါဝင်သည်။

မြန်မာနိုင်ငံအတွင်းရှိ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါးနှင့် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုနေသော်လည်း ၎င်းတို့ထိန်းချုပ် ရာနယ်မြေများ တွင် ဓာတုပစ္စည်းများကို နယ်စပ်ဖြတ်ကျော် တရားမဝင်တင်သွင်းခြင်းနှင့် ပြည်ပမှ ဓာတုကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး ရာပြည့်က ပြစ်တင်ပြောကြားထားသည်။

ထို့ပြင် စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) က မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ကုန်သွယ်မှုများရှိနေပြီး ဒေသအတွင်းဖြန့်ဖြူးရေး လုပ်ငန်းများ ရှိနေကြောင်း မကြာခဏပြောကြားလျှက်ရှိသည်။

လက်ရှိတရားဥပဒေစိုးမိုးမှုမရှိနိုင်သည့် အခြေအနေတွင် လူငယ်များက WY အပါအဝင် K ( Ketamine) နှင့် စိတ်ကြွရူးသွပ်ဆေးဝါးများကို စစ်ကောင်စီထိန်ချုပ်ထားသည် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးများတွင်ပင် လွယ်ကူပေါများစွာ သုံးစွဲနေကြကြောင်း လေ့လာသူများကောက်ယူထားသည့် စစ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် မူးယစ်ဆေးစွဲလူနာများအတွက် ဆေးကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခုနှင့် မက်သာဒုံးဆေးခန်း ၉၀ ခုရှိပြီး ၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေးစွဲလူနာ ၂၆၅၉၅ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၂၃၈၇၅ ဦးကို မက်သာဒုံးတိုက်ကျွေးနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မူးယစ်ဆေးဝါး #စိုက်ပျိုးမှုတိုး #စစ်ကောင်စီဝန်ခံ #UNODC #Ayeyarwaddy_Times