
ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာရှိ ဘုရားကျောင်း၊ စာသင်ကျောင်းအပါဝင် ရွာလုံးကျွတ်ကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးသွားကြောင်း CDF CDM – Siyin တာဝန်ရှိသူထံက သိရသည်။
တီးတိန်မြို့မှ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၁၈ ရက်နေ့မှစ၍ စစ်ကြောင်းထိုးလာကာ တီးတိန်-ကလေးကားလမ်းပေါ်တွင် အိမ်ခြေ ၄၀ ခန့်ရှိသည့် သိုင်းငင်းကျေးယမန်နေ့ ဇွန်လ ၂၇ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သိုင်းငင်းကို စစ်ကြောင်းထိုးတဲ့ စစ်တပ်တွေ မနေ့က သိုင်းငင်းရွာကို မီးရှို့ဖျက်ဆီးပြီး ခိုင်ကမ်းဘက်ကို တောလမ်းအတိုင်း ဆင်းသွားကြပြီ။ အခု သိုင်းငင်းမှာ စစ်တပ်တွေ မရှိတော့ဘူး။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပြီး အပြည့်အဝ ထိန်းချုပ်လိုက်ပါပြီ။”ဟု CDF CDM – Siyin တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် CDF CDM – Siyin က သိမ်းပိုက်ထားသည့် သိုင်းငင်းတပ်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးကာ သိုင်းငင်းကျေးရွာကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီး၍ ဘုရားကျောင်း၊ စာသင်ကျောင်းအပါဝင် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ရွာဘက် စစ်ကြောင်းထိုးတဲ့ စစ်တပ်က ရွာကို တစ်ခါတည်း မီးရှို့တာမဟုတ်ဘူး။ ပြီခဲ့တဲ့ ၂၁ ရက်နေ့က တစ်ကြိမ်၊ ၂၃ ရက်နေ့ တစ်ကြိမ် မနေ့က နောက်ဆုံးအကြိမ် စုစုပေါင်း သုံးကြိမ်လောက် မီးရှို့သွားတာပါ။ အဲ့ဒီမှာ ရွာဘုရားရှိးခိုးကျောင်း၊ စာသင်ကျောင်း အပါဝင် လူနေအိမ် အားလုံး မီးလောင်ပြာကျသွားတာဖြစ်ပါတယ်”ဟု သိုင်းငင်းကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သိုင်းငင်းကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းရောက်ရှိလာပြီးနောက် သိုင်းငင်း ကျေးရွာနှင့် အနီး အနားဝန်းကျင်ရှိ ရွာ ငါး ရွာခန့်မှ ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် သိုင်းငင်း တပ်စခန်းကို ပြန်လည်ရရှိရေးအတွက် ဇွန်လ ၁၈ ရက်နေ့မှစ၍ တီးတိန်မြို့နှင့် ကလေးမြို့တို့မှ စစ်ကြောင်းများထိုးလာပြီး ချင်းကာကွယ် ရေး ပူးပေါင်းတပ်တို့က မနားတမ်း ပြန်လည်ခုခံသောကြောင့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများသည် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့တွင် ခိုင်ကမ်းမြို့သို့ တောလမ်းဖြင့် ဆုတ်ခွာသွားကြောင်း CDF CDM – Siyin ထံက သိရသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းများကို Chinland Council ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန၏ လက်အောက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) အပါအဝင် CDF Hualngoram, Vakok, KKG, Kalay SR 4 နှင့် PDA တို့မှ အင်အားဖြည့်ကာ အိမ်ရှင် CDF CDM – Siyin နှင့်အတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားသည့် တီးတိန်မြို့နယ်ရှိ သိုင်းငင်းကျေးရွာကို တွေ့ရစဉ်
#တီးတိန်မြို့နယ် #သိုင်းငင်းကျေးရွာ #ဘုရားကျောင်း #စာသင်ကျောင်း #ရွာလုံးကျွတ် #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times