ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ အုမ္မခါးစခန်း၊ တပ်ရင်း (၆၀၆) နှင့် ကျောက်ကြမ်းစခန်းတို့အား “၁၀၂၇ စစ်ဆင်ရေး” အပိုင်း(၂) တတိယရက်အဖြစ် ယနေ့ ဇွန် ၂၇ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ – ၁၁၅ တပ်စခန်းကို ယနေ့ ဇွန် ၂၇ ရက်၊ နံနက် ၆ နာရီ ၆ မိနစ်ခန့်တွင် TNLA စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်ရင်း (၆၀၆) တပ်စခန်းအား ယနေ့နံနက် ၁၁ နာရီခန့်တွင်လည်းကောင်း၊ ကျောက်ကြမ်းရွာရှိ စစ်ကောင်စီ တပ်မ(၃၃) တပ်စခန်းအား ဇွန် ၂၆ ရက်နေ့ကလည်းကောင်း TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့‌ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း နံနက် ၁၁ နာရီ ၁၄ မိနစ်ခန့်တွင် Y-12 လေယာဉ်ဖြင့် ၎င်းတို့၏ တပ်ရင်း (၁၁၄) တပ်စခန်းအားလည်းကောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဂျတ်ဖိုက်တာဖြင့်လည်းကောင်း လာရောက်ဗုံးကြဲခဲ့သလို (၆၀၆) တပ်စခန်းကိုလည်း နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က Y-12 လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ကြောင်း သိရသည်။

အလားတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တတိယရက်အဖြစ် ယနေ့ဇွန် ၂၇ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မိုးကုတ်မြိုနယ်၊ အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခလရ(၈၈) လက်အောက်ခံ လပခ၊ ခလရ- ၁၄၈ တပ်စခန်းကို TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ကျောက်မဲမြို့ရှိ စည်ပင်ဘုန်းကြီး ကျောင်းနှင့် နောင်ပြစ်စသည့်နေရာများတွင် စစ်ကောင်စီ လက်အောက်ခံ စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂) တပ်နှင့် TNLA ၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီ၏ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇ ဦးသည် ယမန်နေ့ ဇွန် ၂၆ ရက်က TNLA ထံ လက်နက်ချ အလင်းဝင်လာခဲ့ပြီး ၎င်းတို့နှင့်အတူ ၆၀မမ နှစ်လက်၊ စလတ် ခြောက် လက်၊ RPG-7 နှစ် လက်၊ စနိုက်ဘာ တစ် လက်၊ ပစ္စတို ငါး လက်၊ မိုင်း ငါး လုံး၊ ၆၀မမ ဗုံးသီး၊ RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ ၅၉ မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-TNLA ၊ MDY – PDF
#နောင်ချိုမြို့ #အုမ္မခါးစခန်း #တပ်ရင်း၆၀၆ #ကျောက်ကြမ်းစခန်း #TNLA #ပူးပေါင်းတပ်များ #သိမ်းပိုက်ရရှိ #Ayeyarwaddy_Times