ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၇ ရက်

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့၊ ရာဖူးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာကိုးရွာမှ စစ်ဘေးရှောင်ဒေသခံပြည်သူ ၃၆၀၀ ကျော်အတွက် စားနပ်ရိက္ခာ နှင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရသည်။

ရာဖူးကျေးရွာအုပ်စုအတွင်းရှိ မရောကြိုင် ၊ ပနန်းပုံရွာပုံ ၊လှည်းဂိတ် ၊ သဲချောင်း ၊ မျောက်ချော ၊ နဂါးအိုင် ၊ ကျောင်းဒိန်း ၊ ကရုန်းပိုင် ၊ မိတ်ဇိပ် ကျေးရွာ ကိုးရွာသည် ယနေ့ ဇွန် ၂၇ ရက်နေ့အထိ တောထဲတွင် စစ်ရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခြေအနေကတော်တော်ဆိုးတယ်။ အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘူး။ တောထဲမှာပုန်းနေကြရတယ်။ မိုးကြီးတော့ လမ်းတွေလည်းကားသွားလို့မရဘူး။ သူတို့ (စစ်ကောင်စီ) တပ်တွေရှိနေသေးတော့ ကူညီထောက်ပံ့မှုတွေလုပ်ပေးဖို့ကလည်း အဆင် မပြေသေးဘူးပေါ့ “ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ နိုင်နဂါးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ် နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မျောက်ချောရွာနှင့် အနီးအနားရှိရွာများကို လေကြောင်း တိုက်ခိုက်မှုအပြင် နေအိမ်မီးရှို့ခြင်းများကိုလုပ်ဆောင်ခဲ့၍ ဒေသခံပြည်သူများသည် ယနေ့အထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကလိန်အောင်မြို့ ၊ရာဖူးကျေးရွာအုပ်စုရှိ ကျေးရွာကိုးရွာတွင် အိမ်ထောင်စု ၇၅၉ စု ရှိပြီး ကျား ၁၉၇၉ ဦး ၊ မ ၁၆၈၉ ဦး ရှိကာ စုစုပါင်း စစ်ဘေးရှောင် ဦးရေ ၃၆၆၈ ဦး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ကျေးရွာ ၉ ရွာက စစ်ဘေးရှောင် ၃၆၀၀ ကျော်အတွက် စားနပ်ရိက္ခာ ၊ ဆေးဝါး နှင့် အမိုးအကာ ၊ အဝတ်အထည် စသည်တို့ လိုအပ်လျှက်ရှိကြောင်း နိုင်နဂါး ကဆိုသည်။

“အခုအချိန်မှာ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ အရမ်းလိုအပ်နေ ပါတယ်။ အားလုံးပါဝင်ကူညီစေခြင်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ် ကောင်စီကလည်း စစ်ဘေးရှောင်တွေကို သွားကူညီဖို့ လိုအပ်တဲ့ပစ္စည်းတွေ ထုတ်ပိုးပြီးပါပြီ။ လမ်းအခြေအနေကို ခဏစောင့်ကြည့်နေပါတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ နိုင်နဂါး က ဧရာဝတီတိုင်းမ်ကိုပြောသည်။

သရက်ချောင်းမြို့နယ်အတွင်း ပြီးခဲ့သည့် မေလကလည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ သုံးရွာမှ ဒေသခံပြည်သူ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်အရသိရသည်။

ပုံစာ- စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော မျောက်ချောရွာရှိ နေအိမ်များ။
#ရေဖြူမြို့နယ် #စစ်ဘေးရှောင် #ပြည်သူ၃၆၀၀ကျော် #အရေးပေါ်စားနပ်ရိက္ခာ #အကူအညီများလိုအပ် #Ayeyarwaddy_Times