
ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇွန် ၂၇ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်းမှာ ယနေ့ ဇွန် ၂၇ ရက်နေ့၊ နေ့လယ် ၃ နာရီဝန်းကျင်တွင် မီးလောင်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းကစတင်ကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စခန်းသိမ်းပိုက် နိုင်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် စစ်ကောင်စီက မိုးကုတ်မြို့ အနောက်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်း အများအပြားရှိနေကြောင်း သိရသည်။
“ရဲစခန်းသိမ်းပြီးလို့ပြောကြတယ်။ မိုးကုတ်မြို့ထဲမှာ MPT ဖုန်းလိုင်းတွေ စပြတ်နေပြီ။ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတယ်။ နှစ်ဖက်လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်။ တော်လှန်ရေးဘက်ကပစ်တဲ့လက်နက်ကြီးလည်း အိမ်တွေဘက်ကျတာရှိတယ်” ဟု မိုးကုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုးကုတ်မြို့ အနောက်ဘက်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ကောင်စီက MPT ဖုန်းလိုင်း၊ ဝိုင်ဖိုင် များကိုဖြတ်တောက်ထားပြီး မြို့ထဲရှိ ဈေးဆိုင်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများလည်း ပိတ်ထားကြောင်း သိရပြီး ဒေသခံများအနေဖြင့် မြို့ထဲတွင် ပိတ်မိနေကြောင်းလည်း သိရသည်။
မိုးကုတ်မြို့နယ်အတွင်းရှိ အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ-၈၈ တပ်ရင်း လက်အောက်ခံ လပခ၊ ခလရ- ၁၄၈ တပ်ရင်း တပ်စခန်းကို ယနေ့ ဇွန် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
TNLA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့မှ စတင်ကာ ကျောက်မဲ၊ နောင်ချို၊ သီပေါ မြို့နယ်များနှင့် အတူ မိုးကုတ်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ ဒေါ်နန်းကြည်တောင် စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း စသည့်နေရာများကို TNLA နှင် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ကျပ်ပြင်ရဲစခန်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များ
#မိုးကုတ် #ကျပ်ပြင်ရဲစခန်း #စခန်းသိမ်းပိုက် #လေကြောင်းတိုက်ခိုက် #TNLA #Ayeyarwaddy_Times