
ဆောင်း/ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁) သင်တန်းဆင်းပွဲကို လာမည့် ဇွန် ၂၈ ရက်နေ့တွင် ပြုလုပ်ရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကြောင်းများတွင် ပြုလုပ်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲတွင် အသက် ၄၀ ကျော် စစ်ပြေးအပြစ်ဒဏ်ကျခံပြီးသောသူများလည်း သင်တန်း ဆင်းရာတွင် ပါဝင်မည် ဖြစ်ကြောင်းသိရသည်။
“မနက်ဖြန်သင်တန်းဆင်းပွဲတွေလုပ်ကြမှာ၊ တိုင်းမှူးအဆင့်တွေလာပြီး လုပ်ကြမှာပါ။ သင်တန်းပြီးတာနဲ့ရှေ့တန်းတော့ တန်းမလွှတ်သေးဘူး။ လုံခြုံရေးစောင့်တာတွေအရင် လုပ်ခိုင်းမယ်၊ ဒါတွေပြီးရင်တော့ ရှေ့တန်းပို့လိမ့်မယ်” ဟု တနင်္သာရီတိုင်း ပလောက်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နှစ်လအတွင်း အမှတ်စဉ် (၁) အတွက် လူငယ် ၅၀၀၀ ဦးဝန်းကျင်ကို တပ်သားသစ် စုဆောင်းနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် မေလက စတင်ခဲ့သော စစ်မှုထမ်းအမှတ်စဉ်(၂)တွင်မူ လူငယ် ၄,၀၀၀ ဦးခန့်သာ စုဆောင်း ရရှိခဲ့ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS)ထံက သိရှိရသည်။
ယခု စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၃) တွင် ခေါ်ယူထားသည့် စစ်မှုထမ်း သင်တန်း သားဦးရေကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် သိရှိရခြင်းမရှိသေးပေ။
စစ်ကောင်စီ၏ အဓမ္မစုဆောင်းခြင်းခံထားရသည့် စစ်မှုထမ်းသင်တန်းသားတစ်ဦးလျှင် အသက် အာမခံကြေး တစ်နှစ်စာချုပ် ကျပ်ငွေ ၅,၀၀၀ (ငါးထောင်) ပေးသွင်းထားရပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့လျှင်အသက်အာမခံကြေး ၅,၀၀၀၀၀ (ငါးသိန်း) ရရှိမည်ဟု တပ်တွင်း သတင်းရင်းမြစ်ကဆိုသည်။
“စစ်မှုထမ်းသင်တန်းဆင်းပြီးပြီးချင်း လတ်တစ်လော ရှေ့တန်း မပို့ဆောင်သေးဘူး။ နယ်မြေလုံခြုံရေးစတင်ပြီး တာဝန်ထမ်းဆောင်ခိုင်းမယ်။ လိုအပ်တဲ့အချိန် ကြရင်တော့ ရှေ့တန်းပို့မယ်” ဟု တပ်ကြပ်ကြီးက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီသည် ပြည်သူ့စစ် (ပျူစောထီး)များနှင့် ပြည်သူ့စစ်မှုထမ်းများကို ၁၂ ပတ်အကြာသင်တန်းပေး၍ စစ်မှုထမ်းရန် ၂ နှစ်စာချုပ် ချုပ်ထားကာ ပြည်သူ့စစ်မှု ထမ်းတွင် အကျုံးဝင်သည့် ဘွဲ့ရသူများမှာ ဗိုလ်သင်တန်းရမည်ဖြစ်ပြီး ၎င်းတို့မှာ အမြဲတမ်း စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်းသိရသည်။
ဧရာဝတီတိုင်း ရွှေမြင်တင်၊ အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွင် လည်း လာမည့် ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) သင်တန်းဆင်းပွဲကိုပြုလုပ်မည်ဖြစ်ပြီး စစ်ကောင်စီခန့် ဝန်ကြီး ချုပ်နှင့်အဖွဲ့များက တက်ရောက်ဖွင့်လှစ်မည်ဟု အဆိုပါ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် နီးစပ်သူထံကသိရသည်။
ထို့အတူ ဧရာဝတီတိုင်း အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့များမှာ ကွင်းကောက်၊ အမှတ် (၅)တပ်မတော်တန်းမြင့်သင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁ ) သင်တန်း ဆင်းပွဲတွင်သွားရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။
စစ်ရှုံးစစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးတွင် တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်း သားလက်နက်တော်လှန်ရေး အဖွဲ့များ၏ ထိုးစစ်ဆင်မှုကိုခံနေရ၍ စစ်မှုထမ်းရန် အကျုံး ဝင်သည့် လူငယ်များ စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓာတ်အပြည့်အဝထားရှိကြရန် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှနေ၍ နေစဥ်နှင့် အမျှလှုံ့ဆော်လျှက်ရှိသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်မှု ထမ်းအကြောင်းပြကာ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အများစုတွင် ဒေသခံပြည်သူများကို အဓမ္မစစ်မှုထမ်းရန်စာရင်းပေးသွင်းခြင်း၊ ခြိမ်းခြောက်၍ ငွေတောင်းယူခြင်းများနှင့် စစ်မှုထမ်းဆန့်ကျင်သူများကို ဖမ်းဆီးချုပ်နှောင်ခြင်းများပြုလုပ်လျှက်ရှိသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများသည် ၎င်းတို့၏ သားသမီးများကို စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၁) ၊ အမှတ်စဥ်(၂) နှင့် အမှတ်စဥ်(၃) တို့တွင် သင်တန်း တက်ရောက်ရန် ချန်လှပ်ထားပြီး ၎င်းတို့နှင့် အဆင်မပြေသူအများစုကိုသာ စစ်မှုထမ်း ဆောင်ရန် စာရင်းများထည့်ပေးနေကြောင်း စုံစမ်းသိရသည်။
ယခုအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ် ခေါ်ယူရာ တွင်လည်း ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ ခေါ်ယူနေခြင်း ဖြစ်ကြောင်း စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသူများ၏ မိသားစုဝင်များထံက သိရသည်။
စစ်မှုထမ်းသင်တန်းအမှတ်စဥ် တစ်သုတ်လျှင် ၁၂ ပတ်အကြာစစ်သင်တန်းပေးခဲ့ပြီး ယခုအခါ စစ်သင်တန်း အမှတ်စဥ် (၁) ပြီးဆုံး၍ လာမည့် ဇွန် ၂၈ ရက်နေ့တွင် သင်တန်း ဆင်းပွဲပြုလုပ်မည်ဖြစ်သည်.
ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၃) ကို ယနေ့ ဇွန် ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်ဖော်ပြထားပြီး စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅) မှ စတင်၍ အမျိုးသမီးဦးရေ ၁၀၀၀ ခန့်ကိုပါ ထည့် သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းသင်တန်းအမှတ်စဥ်(၃)အတွက် စစ်မှုထမ်းရန်စုဆောင်း ခံထားရသည့် လူငယ်များ
#ဇွန်၂၈ရက် #စစ်ကောင်စီ #စစ်မှုထမ်းသင်တန်း #အမှတ်စဥ်၁ #သင်တန်းဆင်း #Ayeyarwaddy_Times