ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို ဆန့်ကျင်တဲ့ အကြီးမားဆုံး စစ် ရေးလေ့ကျင့်မှုတွေ ပြုလုပ်အပြီး တစ်ရက်အကြာ သြဂုတ်လ ၈ ရက်မှာ ထိုင်ဝမ်ဝန်းကျင် ရေပိုင်နက်နဲ့လေပိုင်နက် အတွင်း စစ်ရေးလေ့ကျင့်မှုတွေ ထပ်မံပြုလုပ်မယ်တယ်လို့ တရုတ်စစ်တပ်က ကြေညာလိုက်ပါတယ်။
ပင်လယ်ရေကြောင်း တိုက်ခိုက်ရေးလေ့ကျင့်မှုတွေ အဓိကထားမယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ် ဆောင်မယ်လို့ တရုတ်စစ်တပ်က ပြောကြားလိုက်ရာ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံက ဆက်လက်ဖိအားပေးမှာကို လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သံတမန်တွေက စိုးရိမ်နေပါတယ်။
နန်စီပလိုစီရဲ့ ပြီးခဲ့တဲ့အပတ်အတွင်း ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဒုံး ကျည်ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တရုတ်စစ်တပ်က ပြီးခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း တာလတ်ဒုံးကျည် ၁၁ စင်း ပစ်လွှတ်ခဲ့တဲ့အပြင် ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်စစ်သင်္ဘောတွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေက စစ် ရေးလေ့ကျင့်ခဲ့ကြပါတယ်။
တရုတ်စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေက ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်သည့် ပုံစံတူစစ် ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာကြောင့် သင့်တော်သလို လက်တုံ့ပြန်နိုင်ဖို့ တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ စေ လွှတ်ခဲ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံအပေါ် သံတမန်ရေးအရ ဖိအားပေးခဲ့ပြီး နန်စီပလို စီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို ကန့်ကွက်မှုအဖြစ် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ တန်ပြန်အစီအမံတွေက အမေရိကန်နဲ့ထိုင်ဝမ်ရဲ့ ရန်စမှုတွေအတွက် သတိပေးမှုဖြစ်တယ် လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကျင်းက ပြောပါတယ်။
ကိုးကား – CNA
Ref; Drills continue around Taiwan on Monday, says Chinese military