ဧရာဝတီတိုင်းမ်
ဇွန် ၂၄ရက်

ကချင်ပြည်နယ်၊ ဖားကန့်- အင်းတော်လမ်းရှိ စစ်ကောင်စီ၏ ချောင်းဝတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်-အင်းတော်လမ်းပိုင်းတွင် ကျန်ရှိနေသော စစ်ကောင်စီ၏ ချောင်းဝတပ်စခန်းကို ယနေ့ ဇွန် ၂၄ရက်နေ့ နံနက်ပိုင်းတွင် KIA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” မနေ့က ညောင်ပင်နဲ့ ဝှေလုံကိုတိုက်နေကတည်း က ချောင်းဝစခန်းမှာရှိတဲ့သူတွေက ပြေးတဲ့သူကပြေးသွားကြပြီ။ ဒီနေ့မနက်တော့ သိမ်းနိုင်ခဲ့ပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ ဇွန် ၂၃ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင် စီ၏ ဝှေလုံနှင့် ညောင်ပင်တပ်စခန်းတို့ကို နာရီပိုင်းသာခြား၍ KIAက သိမ်းပိုက်ရရှိခဲ့သည်။

KIAသည် ဖားကန့်- အင်းတော်လမ်းပိုင်းရှိ ဝှေလုံ၊ ညောင်ပင်နှင့် ချောင်းဝတပ်စခန်းတို့ကို ပြီးခဲ့သည့် ဇွန် ၂၂ရက်နေ့ နံနက် ၅ နာရီခန့်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စခန်း သုံးခုတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် SNA တပ်တို့ ပူးပေါင်းတပ်စွဲထားပြီး အင်အား ၁၅၀ ခန့်ရှိကြောင်း သိရသည်။

ဝှေလုံတပ်စခန်းနှင့် ညောင်ပင်တပ်စခန်းရှိ စစ်ကောင်စီတပ်ကို KIA က တိုက်ခိုက်နေချိန်တွင် ချောင်းဝတပ်စခန်းမှ ပြည်သူ့စစ်တချို့ စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိတွင် ဖားကန့်- အင်းတော်လမ်းပိုင်းရှိ တပ်စခန်းများကို KIA က သိမ်းပိုက်ထားပြီး လမ်းပိုင်းကို ထိန်းချုပ်ထားကြောင်း သိရသည်။

#ဖားကန့် #အင်းတော် #စစ်ကောင်စီ #ချောင်းဝစခန်း #KIA #သိမ်းပိုက် #Ayeyarwaddy_Times