
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
မန္တလေးမှာ ကျင်းပတဲ့ ရွှေကျင်သံဃ အစည်းအဝေးကို တက်ရောက်ဖို့သွားတဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့-မဟန(ငြိမ်း) လိုက်ပါလာတဲ့ကားကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့လို့ ဆရာတော် ပျံလွန်တော်မူခဲ့ပါတယ်။
ဆရာတော်ရဲ့ကားကို ယမန်နေ့ ဇွန် ၁၉ ရက်၊ နံနက် ၁၀ နာရီခန့်က မြို့အဝင် မြို့သာနဲ့ ပန်းချီကမ္မရွာကြားအရောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆရာတော် ပျံလွန်တော်မူခဲ့သော်လည်း PDF တွေ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့် နေရာတွေကနေ စွပ်စွဲပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထိုစွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ရဟန်းသံဃာတော်တွေရဲ့ မိန့်ကြား ချက်ကို သိရှိနိုင်စေရန် ဧရာဝတီတိုင်းမ် သတင်းဌာနက လျှောက်ထားမေးမြန်း ခဲ့ပါတယ်။
🟥ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)
အားလုံးလည်း သိနေကြတာပဲလေ။ အဖြစ်မှန်တွေ၊ အဖြေမှန်တွေက ထုတ်ထားတာ ပေါ့နော်။ အခုက ဘာဖြစ်နေလဲဆိုရင် စစ်အာဏာရှင်က ဒီသတင်းကို ဖုံးချင်တော့ ကားသမားကို သေနတ်ထောက်ပြီးတော့ ဆိုခိုင်းနေတာ အသိသာကြီးလေ။ စစ်အာဏာ ရှင်ရဲ့ လုပ်ရပ်ဟာတော့ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်ဖွယ်ရာ အကြောင်းမရှိဘူး။ သူတို့ ရှေ့မှာလည်း သံဃာတော်တွေကို ဒီလိုပဲ ပစ်သတ်တယ်။ ပစ်ခတ်တိုင်း PDF တွေကို လွဲချတယ်။
သူတို့ရဲ့ အကျဉ်းထောင်တွေထဲမှာ သံဃာတော်တွေ ယနေ့ထက်ထိ ရှိနေသေးတယ်။ ကော့ကရိတ်တို့ ဘာတို့ဆိုလည်း သူတို့လေယာဉ်နဲ့ ဗုံးကြဲလို့ ကျောင်းပေါ်ကို ကျရင်းနဲ့ ပျံလွန်တော်မူသွားတာ ဆရာတော် ၂ ပါး။ ဒီမှာလည်း ဒီလိုပဲ သူတို့လုပ်ပြီး ဘာမှလည်း တာဝန်ခံခဲ့တာ မရှိဘူး။ ဒါကြောင့် ပြောချင်တာက စစ်အာဏာရှင်ဟာ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အားလုံးအပေါ်မှာ ရက်ရက်စက်စက် အမြဲတမ်း သတ်ဖြတ်ခဲ့တယ်။ အခုလည်းပဲ တကယ်ဖြစ်လာတဲ့အခါ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘဲနဲ့ သူများတွေကို လွဲချတာဟာ ယနေ့ရှိနေတဲ့ သံဃာအားလုံးနဲ့ တစ်နိုင်ငံလုံးက နိုင်ငံသူနိုင်ငံသား အားလုံး ကို ယုတ်မာစော်ကားလိုက်တာပါပဲလို့ ဦးဇင်းအနေနဲ့ ပြောကြားလိုပါတယ်။
==============
🟥ဆရာတော် ဦးအဂ္ဂ (နယူးဒေလီ) (အထွေထွေအတွင်းရေးမှူး – နွေဦးတော်လှန်ရေး သံဃကွန်ရက်)
ဆရာတော်က ဦးဇင်းတို့ရဲ့ ငယ်ဆရာပါပဲ။ ဆရာတော် ပျံတော်မူသွားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သိတဲ့အတိုင်းပဲ၊ သူတို့ရဲ့ ထုံစံအတိုင်း ဒါသူတို့ ပစ်တာခတ်တာ မဟုတ်ဘူး PDF တွေက ပစ်တာလို့ဆိုတယ်။ ဒါပေမယ့်လည်း ဆရာတော်နဲ့ အတူပါသွားတဲ့ ဆရာတော်ကြီးကိုယ်၌က live လွှင့်ပြီး စစ်ဗိုလ် စစ်သားတွေက ပစ်တယ်၊ ဖောကားနဲ့ ပစ်တယ်၊ ၇/၈ ချက်လောက် ပစ်တယ်ဆိုတာ ပြောထားတာပဲ။ ဒီထက်မက ခိုင်လုံတဲ့ သက်သေမရှိပါဘူး။ သူတို့ပြောတဲ့ ဥစ္စာက ပြောင်းပြန်တွေချည်းကို ပြောတာပါ။
အဲ့တော့ စစ်တပ်ပြောသမျှကို ပြန်ပြောရမယ်ဆိုရင် ဇောက်ထိုးပြောရင် ခေါက်ချိုး နားလည် ဆိုတဲ့အတိုင်းပဲ။ ဒီကိစ္စကို ဘုန်းဘုန်းတို့ကရော နွေဦးတော်လှန်ရေး သံဃကွန်ရက်အနေနဲ့ရော နောက်တစ်ခုက သံဃာထုအနေနဲ့ရော လုံးဝကို လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဆရာတော်ဟာ ဦးဇင်းတို့ နိုင်ငံမှာ အင်မတန် ရှားပါးတဲ့ ဆရာတော် တစ်ပါး၊ မြန်မာနိုင်ငံမှာရှိတဲ့ သံဃာထုအားလုံးရဲ့ ရပ်ဝေးရပ်နီး ဆရာတော်တပါးလည်း ဖြစ်တယ်။ တချို့က ဆရာတော်ဆီမှာ စာပေသင်ကြားရတယ်။ တချို့က ဆရာတော်ရဲ့ စာအုပ်တွေနဲ့ သိခွင့်ရတယ်။
ဒါ့ကြောင့်မို့လို့ ဆရာတော်ရဲ့ မြန်မာနိုင်ငံသံဃာထုအပေါ်မှာ သြဇာသက်ရောက်မှုနဲ့ ရိုက်ခတ်မှုက အင်မတန်ကြီးပါတယ်။ အဲ့တော့ ဒီလိုဆရာတော်မျိုးကို စစ်တပ်ကနေပြီး သူတို့ပစ်လိုက်တာကို တော်လှန်ရေးပုံရိပ်ကျအောင်၊ တကယ်သတင်း အဖြစ်မှန်ကို မသိရှိနိုင်တဲ့ ရပ်ဝန်းမှာထင်ယောင် ထင်မှားဖြစ်အောင် ပြောင်းပြန်ပြောနေတာပါ။ ဦးဇင်းတို့ ဒီကိစ္စကို လုံးဝ အကြွင်းမဲ့ ငြင်းပယ်ပါတယ်။
သာသနာတော်မှာ အထင်ကရ ဆရာတော်ကြီးလည်းဖြစ်၊ မြန်မာတစ်နိုင်ငံလုံး သံဃာထု အားလုံးရဲ့ လေးစားဦးညွတ်လောက်တဲ့ ဆရာတော်ကြီးကို အခုလိုမျိုး စစ်တပ်က နေပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်တဲ့အရေးမှာ အရင်တုန်းက ဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ မဘသဆရာတော်များရော၊ အဖွဲ့ဝင်နဲ့ ဒကာ/ဒကာမများရော ဒီကိစ္စကို ဘာမှမပြောကျတော့ဘူးလား။ ဘာမှမလုပ်ကျ တော့ဘူးလား။ ဒီအတိုင်းပဲ အမြဲရေငုံနှုတ်ပိတ် နေကျတော့မှာလား ဆိုတာကိုလည်းပဲ မေးခွန်းထုတ်ချင်ပါတယ်။
==============
🟥ဆရာတော် ဦးဝါယမ (နွေဦးတော်လှန်ရေး သံဃကွန်ရက်)
ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရလို့ ပျံလွန်တော်မူသွားတဲ့ကိစ္စကို စစ်ကောင်စီက နေပြီးတော့ ဒါ PDF တွေ လုပ်ရပ်လို့ စွပ်စွဲချက် ထုတ်ပြန်လာတယ် ဆိုတာကတော့ သက်သက်မဲ့ လိမ်ညာတဲ့ လုပ်ရပ်ဖြစ်တယ်။ ဘာ PDF မှလည်း အဲ့ဒီအနားမရှိသလို ဘာ PDF နဲ့မှလည်း သူတို့ အဲ့အနားလေးမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာ မရှိဘူး။
ဒါဟာ တိုင်းသူပြည်သားတွေအပေါ်မှာ၊ PDF တွေအပေါ်မှာ တစ်မျိုးထင်အောင် သက်သက်မဲ့ လိမ်လည်တဲ့ စွပ်စွဲချက်သာလျှင် ဖြစ်တယ်။ အဲ့တော့ စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်ရင်းတွေကပဲ လုပ်ဆောင်တာ၊ တိတိကျကျ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဦးဇင်းအနေနဲ့ ဖြေကြားချင်ပါတယ်။ တိုင်းပြည်ကို မတရားလဲ လုပ်တယ်၊ မတရားလဲ သတ်ဖြတ်တယ်၊ လိမ်ညာမှုလဲလုပ်တဲ့ လူယုတ်မာတွေရဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ဦးဇင်းအနေနဲ့ ဖြေကြားချင်ပါတယ်။
===========
🟥ဆရာတော်ဓမ္မမေတ္တာ (သံဃသမဂ္ဂ၊ မန္တလေး)
အကြမ်းဖက်စစ်အုပ်စုက မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြောသလို တစ်ဖက်က မပြောရဲတာလည်း သူတို့မှာ ဘာမှမရှိဘူး။ အခုလို ဗြောင်လိမ်တာတွေက အထူးအဆန်း မဟုတ်ဘူး။ စစ်တပ်သမိုင်းတစ်လျှောက်လုံး ဗြောင်လိမ်လာခဲ့တာပဲ မဟုတ်လား။ ခိုင်မာတဲ့ သတင်းတွေရော၊ ဒေသခံ ရဟန်းရှင်လူအားလုံးက စစ်တပ်က ကားမှန်မချလို့ ပစ်တာ၊ ဒါ့အပြင် ထိုနေရာသည် စစ်တပ် စိုးမိုးနေရာဖြစ်တယ်။ ဒါ့ကြောင့် ဒါသည် စစ်ကောင်စီရဲ့ လက်ချက်လို့ တညီတညွတ်တည်း အတည်ပြုပြောဆိုကြတာတွေ အများစု တွေ့မြင်ရပါတယ်။
မဘသအစွန်းရောက် ဘုန်းကြီးတချို့ကတော့ PDF ပစ်ခတ်သယောင်၊ ဘယ်သူပစ်ပစ် ဆိုတဲ့ စကားအသုံးအနှုန်းတွေနဲ့ ပြောကြတာရှိတယ်။ ဒါသည် နှစ်ဘက်ခွစကားဖြစ်တယ်။ နှစ်ဖက်ခွစကားသည် သတ္တိမရှိရာကျတယ်။ သတ္တိမရှိရင် အမှန်တရားကို သစ္စာဖောက်ရာ ရောက်ပါတယ်။ အမှန်တရားကို သစ္စာဖောက်ရင် ငြိမ်းချမ်းမှုဆိုတာ ရှိလာမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။
#ဝင်းနိမ္မိတာရုံကျောင်းတိုက် #ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ #မဟနငြိမ်း #ပျံလွန်တော်မူ #သံဃာတော်တွေ #ဘယ်လိုမိန့်ကြားလဲ #VoxPop #Ayeyarwaddy_Times