
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်ရှိရာ သစ်ပုတ်တောင်လမ်းခွဲအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ ဇွန် ၁၇ရက် နံနက် ၇နာရီခန့်တွင် သစ်ပုတ်တောင်လမ်းခွဲ၊ ဇိုင်ချောင်းကျေးရွာအနီးသို့ ချီတက်လာသည့် စစ်ကောင်စီ၏ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ထိတွေ့တိုက်ပွဲဖြစ်ပွားတာပါ။ စစ်တပ်ဘက်က ၁၀၀ လောက်ပါတဲ့အင်အားကို တပ်တော်ကကြားဖြတ်တိုက်ရင်း ထိတွေ့တိုက်ပွဲဖြစ်တာ။ လေးနာရီလောက်ကြာတယ် တိုက်ပွဲက အပြန်အလှန်ပစ်ခတ်ကြတယ်။ စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူတွေလည်း ပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ၏ အမှတ် (၃၂) ရဲတပ်ရင်းနှင့် နှမ်းဖဲတိန်တောင်မှနေ၍ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ရေတပ်ဌာနချုပ်နှင့် ၂ မိုင်ခန့်သာကွာသည့် ဇိုင်ချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ၎င်းနေရာနှင့်အနီးရှိ ကျေးရွာများမှ ဒေသခံများ တိမ်း ရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်နေ့ကလည်း အမှတ် ၃၂ရဲတပ်ရင်းအနားရှိ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ၏ ခမရ ၅၄၂တပ်ရင်းဗျူဟာကုန်း၊ ချောင်းဝကျေးရွာနှင့် ဂေါ်တူေကျးရွာကြားပင်လယ်ပြင်တွင်ရပ်နားထားသည့် Navyများမှ အနီးအနားကျေးရွာများကိုလက်နက်ကြီးဖြင့် အကြိမ် ၇၀ကျော်ပစ်ခတ်ခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ ၃၄၊ ခမရ၅၄၂၊ ခမရ ၅၄၃တို့ တည်ရှိပြီး ရေလက်ကြားတစ်ဖက် ဒိုးတောင်တွင် လုံခြုံရေးတပ်ဖွဲ့ခွဲ ၃၂တပ်စွဲထားသည်။
သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်အထိုင်ချထားပြီး ရေတပ်ဌာနချုပ်အတွင်းတွင် ရေတပ်စက်မှုလက်မှု အင်ဂျင်နီယာတပ်၊ ရေတပ်လေ့ကျင့်ရေးတပ်နှင့်လက်ရုံးတပ်များ စုစုပေါင်း ၁၇တပ်ရှိကာ အုန်းချိန်ကျွန်းတွင် အမှတ် ၇၁ရေငုတ်သင်္ဘောအခြေစိုက်စခန်း ရှိကြောင်း သိရသည်။
#ကျောက်ဖြူ #ဓညဝတီရေတပ်စခန်းအနီး #စစ်ကောင်စီ #AA #တိုက်ပွဲဖြစ် #Ayeyarwaddy_Times