
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇွန် ၁၅ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီမှ ယာယီစခန်းချ ထားသည့် ရာဖူးကျေးရွာနှင့် အလယ်စခန်းကျေးရွာရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဇွန် ၁၁ ရက်နှင့် ၁၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။
စစ်ကောင်စီစစ်ကြောင်းမှူး ဦးဆောင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရာဖူးရွာ အတွင်း ယာယီစခန်းချနေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ကာ စစ်ကြောင်းမှူးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်သုံးဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီးဝင်လာတယ်။ ရာဖူးကျေးရွာဝန်းကျင်မှာ သူတို့ယာယီစခန်းချတယ် ယာယီစခန်းချတယ်ဆိုတာ သူတို့ စစ်ကြောင်းရုံးတွေ တပ်ခွဲရုံးတွေ ကို ပွိုင့်ေတွနဲ့ နေရာတွေချထားတယ်။ စစ်ကြောင်းမှူးထိုင်တဲ့ပွိုင့်ကို ကျွန်တော်တို့နေရာ အတိအကျသိရတဲ့အတွက် ဒရုန်းနဲ့ချတာပေါ့နော်။ ရှေ့ရက်တွေ ကတော့ လေးယောက်ထိမှန်းသိတယ်။ စစ်ကြောင်းမှူးက ဒဏ်ရာနဲနဲများတယ်လို့ သိရတယ်”ဟု ဒေါနစစ်ကြောင်း စစ်ဆင်ရေးဝာာဝန်ခံ ရဲဘော်ရန်နိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင်ဒေသခံများကို ဖမ်းဆီးကာ နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ အလယ်စခန်းကျေးရွာကိုလည်း ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
“လက်ရှိကတော့ သူတို့စစ်ကြောင်းမှူး ထိသွားတဲ့အတွက် ပြန်ဆုတ်သွားတဲ့ အနေ အထားရှိတယ်။ ပြန်ပြီးဆုတ်သွားတဲ့အချိန်မှာ ဈေးဆိုင်တွေ ဖုန်းဆိုင်တွေ၊ အိမ်ထဲက ပစ္စည်းတွေ အကုန်လုံးကို ခြောက်ဘီးကားနဲ့လာတိုက်သွားတယ်။ သူတို့ဆုတ်တာနဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေပါတစ်ခါထဲ သယ်သွားတယ်” ဟု ရဲဘော်ရန်နိုင်က ဆက်လက်ပြောသည်။
ရာဖူးကျေးရွာနှင့် အလယ်စခန်း ကျေးရွာများသည် ရန်ကုန်-ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ကျေးရွာများဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါ အမှတ် (၈) လမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသည့် ကားများကို စစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်း တပ်များဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ်(MSRF)၊ K.T.L.A၊ မွန်ပြည်သစ်ပါတီ (AD)၊ အထူးဒရုန်းတပ်ဖွဲ့(Saw Dragon Drone Force)၊ ရေးဒရုန်းတပ်ဖွဲ့ (Y.A.F)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(D.N.L.A )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#ရေဖြူ #စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #ဒေါနစစ်ကြောင်း #စစ်ကြောင်းမှူးဒဏ်ရာရ #Ayeyarwaddy_Times