
ဧရာဝတီတိုင်းမ်
ဇွန်၁၅ ရက်
ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ် ၊ ရွှေလောင်းမြို့တွင်ဇွန်လ ၁၄ ရက်နေ့ ည ၇နာရီ၃၀ခန့်က PPP ပါတီ၏ ဥက္ကဌဖြစ်သူ စစ်ကောင်စီ၏ ပြည်သူ့စစ်အဖွဲ့၀င်အမျိုးသားတစ်ဦး သေနတ်နှင့်ပစ်ခတ်ခံရကြောင်း သိရသည်။
ပစ်ခတ်ခံရသူမှာ ဦးရဲရင့်အောင်ဟု သိရှိရပြီး စစ်ကောင်စီတပ်နှင့်ရဲများ၏ စေခိုင်းမှုများကို ပြုလုပ်ပေးနေသူတစ်ဦးဖြစ်ကြောင်းဒေသခံများထံမှသိရသည်။
“သူက ပြည်သူ့စစ်ရော စစ်တပ်သတင်းပေးရောလုပ်တယ် သူ့ကြောင့်အဖမ်းခံရသူတွေ လဲ မနည်းဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဦးရဲရင့်အောင်သည် သူ၏နေအိမ်ရှေ့တွင် ရှိနေစဥ် ဆိုင်ကယ်စီးလာသူများက သေနတ်နှင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။
အဆိုပါဖြစ်စဉ်တွင် သေနတ်နှင့်ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း(နားထင်)တွင် သေနတ်ဒဏ်ရာ တစ်ချက်ရရှိသွားပြီး ရွှေလောင်းတိုက်နယ်ဆေးရုံ သို့အရောက်တွင် သေဆုံးသွားခဲ့သည်။
ပစ်ခတ်မှုနှင့်ပတ်သတ်ပြီး ဝါးခယ်မမြို့နယ်အတွင်းလှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
ရွှေလောင်းမြို့ အတွင်း စစ်တပ်နှင့် ရဲများက လမ်းများကို ပိတ်ဆို့စစ်ဆေးနေပြီး ပြည်သူများအနေဖြင့် မှားယွင်းစွပ်စွဲဖမ်းဆီးခံရမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။
#ရွှေလောင်းမြို့ #PPPပါတီဥက္ကဌ #သေနတ်နှင့်ပစ်ခတ်ခံရပြီးသေဆုံး #Ayeyarwaddy_Times