ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖွဲ့စည်း ထားသည့် ပျူစောထီးအဖွဲ့က ဒေသခံများ၏အစားအသောက်များနှင့် အိမ်အသုံး အဆောင်ပစ္စည်းများကို အဓမ္မယူ ဆောင်၍ နေအိမ်အချို့ကို ဖျက်ဆီးနေကြောင်း ဒေသခံ များထံက သိရသည်။

ပျူစောထီးအဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က နရွဲတောကျေးရွာအုပ်စု နရွဲတောကျေးရွာမှ ဒေသခံများ၏ ဆိုင်ကယ်၊ ဆန်၊ ဆီ၊ ပေါင်းအိုး နှင့် ဒယ်နီအပြင် အခြားသောစားသောက်ကုန်များယူဆောင်သွားပြီး နေအိမ်နှစ်လုံးကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“နေအိမ်တွေကို ဘာအကြောင်းမှမရှိဘဲ သက်သက်ဖျက်ဆီးသွားကြတာ။ ပျူအဖွဲ့ထောင်ပြီး လမ်းသွားတွေဆီက ဆက်ကြေးကောက်တယ်။ ယခုအချိန်မှာ စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရတာ။ အခုဆို ကျေးရွာတွေထဲကို စစ်ကြောင်းက ခဏခဏဝင်တယ်။ မြို့တက်စျေးဝယ်ရင်တောင် အခက်ကြုံနေရတယ်။ အပြင်လဲ သိပ်မထွက်ရဲကြတော့ဘူး” ဟု ချောက်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကုန်ကြီးကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် အိုင်ကြီးကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်အောင်တို့ ဦးဆောင်၍ အင်အား ၄၀ ဝန်းကျင်ရှိ ပျူစောထီးဖွဲ့စည်းကာ လက်နက်များဝယ်ယူထားသည့်အပြင် စစ်ကောင်စီတပ်ဘက်မှ လည်း လက်နက်များ တပ်ဆင်ပေးထားကြောင်း ဒေသခံများကဆိုသည်။

ကုန်းကြီးကျေးရွာ နှင့် အိုင်ကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ရန်ပြုမည်ကို အနီးအနားရှိ ညောင်ဇင်ကျေးရွာ၊ ရွာမကျေးရွာ၊ ကံတိုင်ကျေးရွာ၊ ကံသစ်ကုန်ကျေးရွာ၊ ထိန်းစမ်းကျေးရွာ၊ ဂွေပင်ကြီးကျေးရွာ၊ ဂွေးပင်လေးကျေးရွာ၊ တုံရွာ နှင့် ကံတောက်ကျောင်းကျေးရွာတို့မှ ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

နရွဲတောကျေးရွာတွင် အိမ်ခြေ တစ်ထောင် ၁,၀၀၀ ဝန်းကျင်ရှိပြီး ရေနံချောင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော်အထိရှိလာကြောင်း ဒေသခံ များထံက သိရသည်။

ကုန်းကြီးကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းသည် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က နရွဲတောကျေးရွာရှိ အသက်မပြည့်သေးသည့် အသက် ၁၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ကံတိုင်ကျေးရွာမှ ဒေသခံလူငယ်သုံးဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

#ချောက်တွင် #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #ပျူစောထီး #ဒေသခံများ #အစားအသောက် #အိမ်သုံးဆောင်ပစ္စည်း #အဓမ္မယူဆောင် #နေအိမ်အချို့ဖျက်ဆီးခဲ့ #Ayeyarwaddy_Times