
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ဒရုန်းအစီရေရာချီနှင့်အတူ ကြပ်မတ်မည့် စစ်ကောင်စီတပ် အရာရှိ ၁၅ ဦးစီးကိုပါ ပို့လွှတ်လျက်ရှိကြောင်း တပ်တွင်းသတင်း ရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီသည် စစ်ဘက်သုံးဒရုန်းများအပြင် စိုက်ပျိုးရေးဒရုန်းများကိုပါ အိမ်နီးချင်းနိုင်ငံများမှဝယ်ယူ၍ တိုင်းစစ်ဌာနအသီးသီးနှင့် တိုက်ပွဲဖြစ်ပွား နေသည့် နေရာများသို့ ယခု ဇွန်လ ပထမပတ်မှစတင်၍ ပို့ဆောင်ထားပြီး ယင်းဒရုန်းများကို မောင်းနှင်ရန်နှင့် ဒရုန်းမောင်း နည်းသင်တန်းများပေးရန် အရာရှိ ၁၅ ဦးစီကိုပါတွဲ၍ စေလွှတ်ထားကြောင်း သိရသည်။
“တိုင်းစစ်ဌာနချုပ် (ကရခ)တွေကို ဒရုန်းတွေနဲ့ အရာရှိ ၁၅ ယောက်လောက်ကို လာတွဲထားတယ်။ လက်ရှိမှာ တနင်္သာရီတိုင်းထဲမှာ ဖြစ်နေတဲ့နေရာတွေကို ဒရုန်းပြန်ဖြန့်မယ်။ အရာရှိတွေက သင်တန်းတွေပြန်ပေးမယ်။ တိုင်းစစ်ဌာနချုပ်တွေ အားလုံးကို ဖြန့်မှာ လို့ သိထားတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ယခုနောက်ပိုင်းစစ်ဆင်ရေးများတွင် ဒရုန်းတပ်ဖွဲ့များဖွဲ့စည်းပြီး ဒရုန်းဖြင့်အဓိက တိုက်ခိုက်ဗုံးကြဲမှုများ လုပ်ဆောင်လာပြီးနောက် ယခုတိုင်းစစ်ဌာန အသီးသီးကိုပါ ဒရုန်းနှင့်အတူ တွဲဖက်၍ အရာရှိ များကို စေလွှတ်လာခြင်းဖြစ်သည်။
ဒရုန်းများအသုံးပြုရာတွင် စစ်ဘက်သုံးဒရုန်းများသာမက တရုတ်နိုင်ငံမှ စိုက်ပျိုးရေး သုံးဒရုန်းများကိုပါ ဝယ်ယူ၍ ဒရုန်းဗုံးများကိုပါ တီထွင်စမ်းသပ်ပြီး စစ်တိုင်းများတွင်ပါ အသုံးပြုရန် ကြံစည်လာခြင်းဖြစ် သည်။
အပစ်အခတ်ရပ်စဲထားသည့် ရှမ်းမြောက်ဒေသသို့ စစ်ကောင်စီက အင်အားတိုးချဲ့ပြီး ခံစစ်ပြင်ဆင်နေမှုများအပြင် ဒရုန်းအစင်းရေ ၄၀၀ ကျော်နှင့် ယခုတိုက်ပွဲပြင်းထန် နေသည့် ရခိုင်ဒေသသို့ ဒရုန်းအစင်းရေ ၃၀၀ ကျော်ကို ဖြန့်ဝေထားပြီး အသုံးပြုတတ်သည့် ဒရုန်းမောင်းနှင်သင်တန်းဆင်း ဒရုန်းတပ်ဖွဲ့ဝင်များကိုပါ ပို့ ဆောင်ထား ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဒရုန်းများတွင် တပ်ဆင်အသုံးပြုသည့် ဒရုန်းဗုံးများကို တပ်မတော်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံ(ကပစ)တွင် အထူးစီမံချက်များဖြင့် ဗုံးအလုံး ရေထောင်ချီကို ထုတ်လုပ်ပြီး တိုင်းစစ်ဌာနအသီးသီး ကို ဝေငှထားကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ ဆင်ခေါင်းရွာပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီသည် လေယာဉ်နှင့် ဒရုန်းများကို အဓိကထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် လူဦးရေရာနှင့်ချီသေဆုံးခဲ့ပြီး ဒေသခံများရွာကိုစွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#စစ်ကောင်စီ #တိုင်းစစ်ဌာနချုပ် #ဒရုန်း #အရာရှိ၁၅ဦး #တွဲပို့ထား #Ayeyarwaddy_Times