
ဧရာဝတိတိုင်းမ်
(မတူပီ)၊ဇွန် ၁၀ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ အမ်ဆွေးကျေးရွာတွင် စစ်ကောင်စီက ယနေ့ ဇွန်လ ၁၀ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား နေအိမ် လေးလုံးထက်မနည်း ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
အမ်ဆွေးကျေးရွာသည် ချင်းလဲန်းကာကွယ်ရေးတပ်-မတူပီ၏ တပ်ရင်း ၄ ထိန်းချုပ်နယ်မြေဖြစ်ပြီး တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်။
“ရွာမှာတော့ ဘာတိုက်ပွဲမရှိဘူး။ ဒီနေ့မနက်အစောပိုင်းက လေကြောင်း တ်ိုက်ခိုက်သွားတယ်။ အရပ်သားတွေ ထိခိုက်မှုမရှိပေမယ့် အရပ်သား နေအိမ် လေးလုံးလောက်က ပျက်စီးသွားတယ်”ဟု မတူပီဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွင် အရပ်သား ထိခိုက်သေဆုံးမှုမရှိသော်လည်း အရပ်သား နေအိမ်လေးလုံးခန့် ပျက်စီးသွားပြီး အိမ်တစ်လုံးသည် မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။
မတူပီမြို့နှင့် အနီးနားဝန်းကျင်ရှိ ပြည်သူများသည် ယခုရက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် အိန္ဒိယနိုင်ငံနှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
စစ်ကောင်စီဘက်ကလည်း မြို့တွင်း စစ်ရေးပြင်ဆင်မှုများဆောင်ရွက်နေသလို တစ်ဖက်တွင်လည်း လေကြောင်းမှ အမြဲကင်းထောက် စောင့်ကြည့်မှု ပြုလုပ်ကြောင်း CDF(မတူပီ)ရဲဘော်ထံက သိရှိရသည်။
“မြို့ထဲက အစိုးရ အဆောက်အဦးမှာ စစ်တပ်က အကုန်နေရာယူထားကြပါပြီ။ မြို့ထဲ လူလည်းမရှိတော့ဘူး။ တိုက်ပွဲက လောဆယ်မရှိသေးဘူး။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အမြဲစောင့်ကြည့်နေပါတယ်။ စစ်ရေးကတော့ နှစ်ဖက်စစ်ရေးတင်းနေတဲ့ အခြေနေမျိုးမှာ ရှိပါတယ်။”ဟု CDF (မတူပီ)ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့တွင် စစ်ကောင်စီ၏ အထိုင်ဗျူဟာကုန်းစခန်း တစ်ခု၊ ခလရ (၁၄၀)တပ်ရင်း၊ ခလရ (၃၀၄) စသည့် တပ်ရင်းနှစ်ရင်းလည်း အခြေစိုက်ထားပြီးချင်းပြည်နယ်၏ စစ်ရေးအချက်ချာကျသည့် မြို့တစ်မြို့လည်းဖြစ်ကြောင်း စစ်ရေးအတွေ့ကြုံရှိသူများက ပြောဆိုထားသည်။
#မတူပီမြို့နယ် #စစ်ကောင်စီလေကြောင်း #ဗုံးကြဲတိုက်ခိုက်မှုကြောင့် #နေအိမ်၄လုံးထက်မနည်းပျက်စီး#
#Ayeyarwaddy_Times