နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

စစ်ကောင်စီ ရေတပ်က ဘင်္ဂလားဒေ့ရှ်ကို ဆေးကုသရန် ထွက်လာသော ရိုဟင်ဂျာများ လိုက်ပါလာသည့် စက်လှေကို တိုက်ခိုက်သဖြင့် ကလေးများအပါအဝင် ၄၀ ဦးကျော် သေဆုံးခဲ့ကြောင်း ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (FRC) ထံက သိရသည်။

ရိုဟင်ဂျာလူမျိုး အရွယ်ရောက်သူ ၃၅ ဦးနှင့် ကလေးငယ်များ တင်ဆောင်ထားသော စက်လှေတစ်စီးသည် ဇွန် ၉ ရက်၊ ည ၁၀ နာရီခန့်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်နီရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆေးကုသရန် ထွက်ခွာလာရာ ၅ မိနစ်အကြာတွင် စစ်ကောင်စီနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် သုံး ဦးက စက်လှေကို ရပ်ခိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် သုံး ဦးသည် စက်လှေပေါ်ပါ ရိုဟင်ဂျာများထံမှ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၆၀၀၀ ကို အတင်းအဓမ္မ တောင်းခံ ရယူခဲ့သလို ယင်းစက်လှေ နှစ်မိုင်ခန့် ရောက်သည့်အခါတွင်လည်း စစ်ကောင်စီ ရေတပ်သင်္ဘောက နစ်မြုပ်သွားအောင် ဝင်တိုက်ခဲ့ကြောင်း သိရသည်။

“ဒီဒဏ်ရာရသူတွေဆိုတာက လတ်တလော မောင်တောမှာ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ဘူးသီးတောင်မှာလည်း ဒဏ်ရာရသူတွေ ရှိတယ်။ ဒီလူတွေက အားလုံးက ဘူးသီးတောင် မောင်တောမှာ ဆေးရုံတွေ ပိတ်ထားတဲ့အတွက်ကြောင့် ဆေးကုသလို့ မရတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားပြီးတော့ ဆေးကုသဖို့အတွက် ဒီစက်လှေနဲ့ ထွက်ပြေး လာကြတာ” ဟု FRC ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ ရေတပ်သင်္ဘော၏ တိုက်ခိုက်မှုကြောင့် ထိုစက်လှေ နစ်မြှုပ်သွားခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးသာ အသက်ရှင်ကျန်ရှိသလို လက်ရှိတွင် ၎င်းတို့သည် မောင်တောမြို့ကို ပြန်လည်ရောက်ရှိနေပြီး ယင်းတို့၏ ပြောကြားချက်အရ အနည်းဆုံး ၄၀ ဦးကျော် သေဆုံး၍ ရုပ်အလောင်းများမှာမူ နတ်မြစ်တွင်မျောနေကြောင်း သိရသည်။

“ဒီသုံးယောက်က စက်လှေရဲ့ သစ်သားတုံး အကြီးကြီးကို ဖက်တွယ်ပြီးတော့ တစ်ညလုံး မျောနေရင်းနဲ့ နောက်ဆုံး မနက်ပိုင်းကျမှ မောင်တောတောင်ပိုင်း တစ်နေရာက ကမ်းမှာသွားပြီးတော့ ရောက်တယ်။ အဲဒီကနေ တဆင့် မြို့ပေါ်ကို ရောက်လာတယ်။ စက်လှေပေါ်မှာ လူကြီးက ၃၅ ယောက်ပါတယ်။ ကလေးက ဘယ်နှစ်ယောက်ပါသလဲ အတိအကျ မသိရဘူး။ အားလုံး ၄၀ ကျော်ရှိတယ်” ဟု ဦးနေဆန်းလွင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု အခြေအနေကို ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် လက်ရှိအချိန်ထိ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

#စစ်ကောင်စီရေတပ် #ရိုဟင်ဂျာစက်လှေ #၄၀ဦးကျော်သေဆုံး #FRCပြော #Ayeyarwaddy_Times