
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
စစ်ကောင်စီက ဖေ့ဘုတ်စ် (Facebook) သုံးစွဲမှုကို ပိတ်ပင်ရန် ကြိုးပမ်းနေမှုသည် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်နှင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးသော လုပ်ရပ်ဖြစ်ကြောင်း ဘလော့ဂါတစ်ဦးလည်းဖြစ်၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ထံက ဆိုသည်။
စစ်ကောင်စီသည် မေ ၃၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် လူမှုကွန်ရက် သုံးစွဲသူများ အားထားရသည့် Virtual Private network – VPN များဖြင့် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ ချိတ်ဆက်မရအောင် ပိတ်ပင်လိုက်သဖြင့် လက်ရှိတွင် သုံးစွဲရ ခက်ခဲနေကာ Facebook နေရာတွင် အစားထိုး အသုံးပြုမည့် MySpace အက်ပလီကေးရှင်းကိုလည်း ဖန်တီးခဲ့သည်။
“အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ဒီလိုလုပ်တာဟာ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးတဲ့လုပ်ရပ်ဖြစ်တယ်။ အရင်တုန်း ကလည်း G-mail တို့ Google တို့ စသဖြင့်ပေါ့နော်။ အဲဒါတွေ အကုန်လုံးကို ဒီလိုမျိုး Firewall တွေ ခံပြီးတော့ သုံးမရအောင် လိုက်ပိတ်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ နည်းပညာတွေသုံးပြီး ထိုးဖောက်ဝင်ရောက်ခဲ့တယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် VPN များ ပိတ်ပင်ရေး SWG စီမံချက်ကို စစ်ကောင်စီခန့် ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က ဦးဆောင်ပြီး ITCS မှ ဗိုလ်ကြီး ရဲနိုင်မိုး၊ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်ဌာနမှ အရာရှိများ၊ Mascots ကုမ္ပဏီမှ ဒေါက်တာ ဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မီဒီယာ တစ်ခု၏ ဖော်ပြချက်အရ သိရသည်။
ထို့အပြင် စစ်ကောင်စီက Facebook နေရာတွင် အစားထိုး အသုံးပြုရန် ဖန်တီးလာသော MySpace အက်ပလီကေးရှင်းသည် ပုဂ္ဂလိကကုမ္ပဏီနှင့် တရုတ်နည်းပညာအဖွဲ့ကို ချထားပေးသော ပရောဂျက်တစ်ခု ဖြစ်သည်ဟု သိရှိရပြီး အဆိုပါ အက်ပလီကေးရှင်းကို ဖယ်ရှားရန် ပြည်သူလူထုက ရီပို့ (report) ဝိုင်းထုကြသဖြင့် လက်ရှိတွင် google Play Store မှ ဖယ်ရှားခံလိုက်ရကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီက ဖန်တီးလာသော ဆိုရှယ်ပလက်ဖောင်းများကို ပြည်သူလူထု အနေဖြင့် မသုံးမိကြရန် အရေးကြီးပြီး သုံးစွဲမိပါက ကိုယ်ရေးအချက်အလက်အချို့ ပေးရခြင်းနှင့် မိမိ၏ တည်နေရာကို ယင်းအက်ပလီကေးရှင်းများကနေ သိနေနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အသိပေးပြောဆိုသည်။
“နောက်တစ်ခုကတော့ Facebook ပလက်ဖောင်းတစ်ခုတည်း ရှိနေတာတော့ မဟုတ်ဘူးပေါ့နော်။ အဲလိုပဲ ပိတ်ထားတဲ့ ကြားထဲကပဲ ကျော်ပြီးတော့ ဘယ်လို သုံးရမလဲဆိုတဲ့ နည်းပညာတွေ ရှိလာနိုင်သလို တခြားသော ပလက်ဖောင်းတွေကို သုံးတာမျိူးတွေလည်း အများကြီး ဖြစ်လာနိုင်ချေ ရှိပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် Facebook အသုံးပြုမှုကို ပိတ်ပင်၍ ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း)အား ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအချို့ထံ သဘော ထားမှတ်ချက် တောင်းခံခဲ့ရာ ကန့်ကွက်မှုများ ရှိခဲ့ပြီး ယင်းဥပဒေ (မူကြမ်း)တွင် VPN သုံးစွဲပါက ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်မည်ဟု ပါရှိသည်။
ယင်းဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း) အခန်း (၁၇)၊ ပုဒ်မ (၉၀) ပါ ပြဌာန်းချက်တွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ VPN နည်းပညာ (သို့မဟုတ်) အလားတူ နည်းပညာ အသုံးပြုပါက ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိဖြစ်စေ၊ ကျပ်သိန်း (၅၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
စစ်ကောင်စီသည် ဆိုက်ဘာလုံခြုံရေး ဥပဒေ(မူကြမ်း) ပြဌာန်းပြီးနောက် မြို့နယ်အချို့တွင် ပြည်သူများ၏ ဖုန်းအတွင်း VPN ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်လာခဲ့ပြီး ထိုကာလက ဝန်ထမ်းအချို့အပါအဝင် လူငယ်အများစု ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး VPN ကိုလည်း ပိတ်ပင်နိုင်အောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
“သူတို့ ပိတ်မယ်ဆိုလည်း ပိတ်ပေါ့။ ကိုယ်တွေ ပြည်သူတွေက ရသလိုလုပ်ကြ၊ တော်လှန်ကြမှာပဲ။ သူတို့ဘာလုပ်လုပ် မအောင်မြင်စေရဘူးပေါ့။ မရရတဲ့ ဆိုရှယ် ပလက်ဖောင်းတစ်ခုကို ခုကတည်းက ကလေးတွေက စမ်းသပ်ဖို့ မျှဝေနေကြတာ ရှိတယ်။ အရမ်းကြီးစိတ်ပူတာမျိုးတော့မဖြစ်ဘူး“ဟု ရန်ကုန်မြို့နေအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
#စစ်ကောင်စီ #Facebookသုံးစွဲမှု #ပိတ်ပင်ရန်ကြိုးပမ်း #သတင်းသိပိုင်ခွင့်ထိပါး #Ayeyarwaddy_Times