
ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
ဧရာဝတီတိုင်း ၊ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ အမက ၁၂၇ ဇီးမော်ကျောင်းတွင် ကျောင်းပြောင်းလက်မှတ်ထုတ်ယူသူ ကျောင်းသား/သူများကို ကျပ်ငွေ သုံးသောင်း (၃၀,၀၀၀ ) တောင်းယူနေကြောင်း ကျောင်းသားမိဘများထံကသိရသည်။
အဆိုပါ ကျပ်ငွေ သုံးသောင်း( ၃၀,၀၀၀) သည် Non CDM ကျောင်းအုပ်ကြီး ဦးတိုးလှိုင်ဖြိုး ခရီးစရိတ်နှင့် မြို့နယ်ပညာရေးမှူးအား လက်မှတ်ထိုးကြေးခေါင်းစဥ်ဖြင့် ပေးဆောင်ရခြင်းဖြစ်ပြီး ချက်ချင်းမပေးနိုင်သည့် ကျောင်းသား/သူများကို ကျောင်းပြောင်းလက်မှတ်ထုတ်၍ မပေးကြောင်း ကျောင်းသားမိဘဖြစ်သူများက ဆိုသည်။
“ဇီးမော်ကျောင်းက အကြောင်းပြချက်မျိုးစုံနဲ့ ကျောင်းအုပ်ကြီးနဲ့ဆရာ၊ ဆရာမတွေက ခဏခဏပိုက်ဆံကောက်တယ်။ မရှိတဲ့မိဘတွေကျတော့ အမြဲမထည့်နိုင်ဘူးလေ။ ပိုက်ဆံမထည့်နိုင်တော့ ကလေးမျက်နှာငယ်ရတာပေါ့၊ ဒါကြောင့် ပိုက်ဆံမကောက်တဲ့ အ.ထ.က ငွေဆောင်ကျောင်းကိုပြောင်းကြတာ။ အခုလိုကျောင်းပြောင်းမယ်ဆိုပြီး ကျောင်းပြောင်းလက်မှတ်ယူတော့လည်း တစ်ယောက်ကို သုံးသောင်း တောင်းတာ” ဟု ကျောင်းသားတစ်ဦး၏ အုပ်ထိန်းသူဖြစ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန်အတွက်ဟုဆိုကာ ကျောင်းသားတစ်ဦးလျှင် ၁၅,၀၀၀ ကျပ်စီကောက်ခံပြီး လက်ရှိအချ်ိန်ထိဝန်ထမ်းအိမ်ယာ အကောင်အထည်ဖော်နိုင်ခြင်း မရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
“ပိုက်ဆံအပြည့်မပေးနိုင်တဲ့အဆုံး ပိုက်ဆံတစ်ဝက် အရင်ပေးခဲ့တော့မှ ကျောင်းပြောင်း လက်မှတ်ထုတ်ပေးတယ်။ ကျန်တဲ့ပိုက်ဆံတစ်ဝက်ကိုလည်း မပေးမချင်း အကြွေး တောင်းသလို ဖုန်းဆက်ပြီးကိုတောင်းတာ”ဟု ကျောင်းသားမိဘတစ်ဦးက ဆက်လက် ပြောသည်။
အားကစားကြေး၊ စာမေးပွဲမေးခွန်းကြေး၊ ရေဖိုး၊ စာကြည့်တိုက်ကြေးစသည့် ခေါင်းစဥ်အမျိုးမျိုးဖြင့် ပိုက်ဆံကောက်နေမှုများကြောင့် အချို့သောကျောင်းသား/သူ များမှာ ငွေကြေးတတ်နိုင်ခြင်းမရှိ၍ ကျောင်းပြောင်းရွေ့ကြရကြောင်း သိရသည်။
ထို့ပြင် ကျောင်းသုံးပိုက်ဆံများဖြင့် ဝယ်ယူထားသည့် ဆေးပုံး၊ ဘိလပ်မြေအိတ် များကိုလည်း ကျောင်းကော်မတီမသိရှိဘဲ ပြင်ပကိုရောင်းစားရောင်းခဲ့ကြောင်း Non CDM ပညာရေးဝန်ထမ်းတစ်ဦးထံက သိရသည်။
ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အကြောင်းနှင့်မှ ငွေကြေး တောင်းခံခြင်းမပြုကြောင်း စစ်ကောင်စီမှ ညွန်ကြားထားသော်လည်း ကျောင်းအချို့တွင် အကြောင်းအမျိုးမျိုးပြကာ ငွေတောင်း ခံမှုများ ပြုလုပ်လျှက် ရှိကြောင်း စုံစမ်း သိရှိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ငွေဆောင်မြို့ အမက ၁၂၇ ဇီးမော်ကျောင်း
#ငွေဆောင်မြို့ #အမက၁၂၇ #ဇီးမော်ကျောင်း #ကျောင်းပြောင်းလက်မှတ်ထုတ်ယူ #ကျောင်းသားကျောင်းသူများ #ကျပ်ငွေ၃၀၀၀၀တောင်းယူ #Ayeyarwaddy_Times