ဧရာ၀တီတိုင်းမ်
ဇွန် ၆ ရက်

မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံ သွေးသစ်ဝင်းလှိုင်ဟာ ONE Championship က စီစဉ်ကျင်းပတဲ့ ONE Friday Night ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ခွန်ဆက်နဲ့ ဇွန်လ ၇ ရက်နေ့ (မနက်ဖြန်) ည ၇ နာရီမှာ ထိုးသတ်သွားဖို့ ရှိနေပါတယ်။

မြန်မာလက်ဝှေ့ပရိတ်သတ်တွေ တခဲနက်အားပေးကြတဲ့ ရိုးရာလက်ဝှေ့ချန်ပီယံ သွေးသစ်ဝင်းလှိုင်ဟာ သူ့ရဲ့ ကစားသမားဘ၀ သက်တမ်းတလျှောက် ပြည်တွင်းမှာပဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့သူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ONE Friday Night ပြိုင်ပွဲဟာ သွေးသစ်ဝင်းလှိုင်အတွက် ပထမဆုံးသော ပြည်ပပွဲစဉ် ဖြစ်ပါတယ်။

ဒီပွဲစဉ်ကြောင့် သွေးသစ်ဝင်းလှိုင်ဟာ မြန်မာ့ရိုးရာလက်ဝှေ့သမိုင်းတလျှောက် ထိုင်းမြေပေါ်မှာ ပထမဆုံး ထိုးသတ်တဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံအဖြစ် မှတ်တမ်းဝင်မှာဖြစ်သလို မွေ့ထိုင်းလက်ဝှေ့ ဝင်ရောက်ထိုးသတ်တဲ့ ပထမဆုံးသော မြန်မာ့လက်ဝှေ့ချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

သွေးသစ်ဝင်းလှိုင်နဲ့ ထိုးသတ်မယ့်သူကတော့ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ထိုင်းဖိုက်တာ ခွန်ဆက်ဖြစ်ပြီး ထိုင်းပြည်တွင်းပြိုင်ပွဲတစ်ခုရဲ့ ၁၄၅ ပေါင်တန်းမှာ ချန်ပီယံခါးပတ် ရရှိထားသူဖြစ်ကြောင်း သိရပါတယ်။

ဘယ်ညာခြေကန်ချက်နဲ့ ဒူးတိုက်ချက်တွေကောင်းမွန်တဲ့ ခွန်ဆက်ဟာ မြန်မာ့လက်ဝှေ့ချန်ပီယံ သွေးသစ်ဝင်းလှိုင်ကို အလဲထိုးနဲ့အနိုင်ယူကာ အပိုဆုကြေး Bonus ကို သိမ်းပိုက်ပြမယ်လို့ မီဒီယာတွေမှာ အင်တာဗျူးဖြေကြားပြီး ကြွေးကြော်ထားပါတယ်။

သွေးသစ်ဝင်းလှိုင်လို ပညာစွမ်းရည်မြင့်မားတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံကို အလဲထိုးပြမယ်ဆိုတဲ့ ခွန်ဆက်ရဲ့စကားဟာ လေကျယ်မှုသက်သက်သာဖြစ်ပြီး ကြိုးဝိုင်းထဲမှာ အမှောက်သိပ်ခံရမယ့်သူဟာ ထိုင်းဖိုက်တာ ခွန်ဆက်သာဖြစ်တယ်လို့ မြန်မာလက်ဝှေ့ပရိတ်သတ်တွေကြား ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ထိုင်းမြေပေါ်မှာကျင်းပတဲ့ ONE Friday Night ပြိုင်ပွဲ မွေ့ထိုင်းပွဲစဉ်တွေမှာ မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာတွေဖြစ်တဲ့ စိုးလင်းဦး၊ သန့်ဇင်နဲ့ မိုးထက်အောင်တို့ဟာ ပွဲစဉ်တိုင်းမှာ ပြိုင်ဘက်တွေကို အလဲထိုး အနိုင်ယူတဲ့မှတ်တမ်း စိုက်ထူထားပါတယ်။

သွေးသစ်ဝင်းလှိုင်ဟာ မြန်မာ့ရိုးရာလက်ဝှေ့လောကမှာ နည်းစနစ်အပိုင်နိုင်ဆုံးနဲ့ ပညာအကောင်းဆုံးထဲ ပါဝင်နေတဲ့ ပထမတန်းလက်ဝှေ့ကျော်တစ်ဦး ဖြစ်ပါတယ်။ ချန်ပီယံဟောင်း ထွန်းထွန်းမင်းကို အနိုင်ယူပြီး မြန်မာ့ရိုးရာလက်ဝှေ့အလွတ်တန်းချန်ပီယံခါးပတ် သိမ်းပိုက်ထားတဲ့ သွေးသစ်ဝင်းလှိုင်ဟာ ပါဝါလက်သီးတွေနဲ့ ပြိုင်ဘက်ကို အမှောက်သိပ်တတ်သူလည်း ဖြစ်ပါတယ်။

လက်ဝှေ့သမားဘ၀သက်တမ်းတလျှောက် ၉၄ ပွဲထိုး ၅၁ ပွဲနိုင်၊ ၄၂ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတဲ့ မြန်မာ့လက်ဝှေ့ အလွတ်တန်းချန်ပီယံ သွေးသစ်ဝင်းလှိုင်ဟာ ထိုင်းမြေပေါ်မှာ ထိုင်းဖိုက်တာကို အလဲထိုးအနိုင်ယူပြပြီး မြန်မာဖိုက်တာတွေရဲ့စံချိန်မှတ်တမ်းကောင်းကို ဆက်ထိမ်းနိုင်မလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

#Ayeyarwaddy_Times #ရိုးရာလက်ဝှေ့ #ချန်ပီယံ #သွေးသစ်ဝင်းလှိုင် #onechampionship