ဧရာဝတီတိုင်းမ်
ဇွန် ၅ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအသုံးပြု၍ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ သုံးထက်မနည်းသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၄ရက်နေ့ နေ့လယ် ၂နာရီခန့်ကစ၍ စစ်ကောင်စီက ဆင်ခေါင်းရွာကို လေကြောင်းမှ ဗုံး နှစ်ကြိမ်လာရောက်ကြဲချပြီး ညပိုင်းတွင်ရေတပ်ကလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများမှာ အလောင်းများကိုပင် မကောက်နိုင်ဘဲ ရွာကိုစွန့်ခွါ ထွက်ပြေးရကြောင်း သိရသည်။

“နေ့လယ်ပိုင်းကစပြီး ဗုံးလာကြဲတယ်‌။ ညနေ ၄နာရီကျတော့ ဗုံးကြဲတာရော လက်နက်ကြီးပစ်တာရော ခဏရပ်သွားပေမယ့် ညနေ ၆နာရီမှာ ထပ်ပစ်တယ်။ တစ်ရွာလုံးလည်း ရစရာမရှိတော့ဘူး။အကုန်ရွာကိုစွန့်ပြီး နီးစပ်ရာဒေသတွေကိုပြေးကြရတယ်။ သေတဲ့သူတွေကိုလည်း ဒီအတိုင်းထားခဲ့ရတယ်လို့ ပြောပါတယ်” ဟု ဆင်ခေါင်းရွာ‌ဒေသခံနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ဆင်ခေါင်းရွာကို လေကြောင်းမှ ဗုံး ၁၀လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သလို မောင်ရွှေလေး ရေတပ်စခန်းမှနေ၍လည်း လက်နက်ကြီး အလုံး ၆၀ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက ဒရုန်းများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပြီး ဒေသခံအားလုံး ရွာကို စွန့်ခွါထွက်ပြေးရကြောင်း သိရသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAတို့သည် ပြီးခဲ့သည့် ဧပြီ ၂၂ရက်နေ့က သံတွဲမြို့နယ် သူဌေး‌ရေအားလျှပ်စစ်စီမံကိန်းအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် သံတွဲမြို့နယ်၌တိုက်ပွဲများစတင်ခဲ့ပြီး မေလနောက်ဆုံးပတ်တွင် တိုက်ပွဲများခေတ္တရပ်တန့်ခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၂ရက်နေ့က သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အသုံးပြု၍တိုက်ခိုက်လျက်ရှိသည်။

သံတွဲမြို့နယ်၊ ငပလီမြို့၌တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီက လမ်းအားလုံးကို ပိတ်ဆို့လိုက်သည့်အပြင် သံတွဲလေဆိပ်ကိုပါ ပိတ်လိုက်ကြောင်း သိရသည်။

သံတွဲလေဆိပ် အသုံးပြုမှုကို ယမန်နေ့ ဇွန် ၄ရက်နေ့မှ ဇွန် ၉ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး ဇွန်၁၀ရက်နေ့၌လည်း ဖွင့်လှစ်ချင်မှ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း လေယာဉ်လတ်မှတ်အရောင်းဌာနများက အသိပေးထားသည်။

ယမန်နေ့ ဇွန် ၄ရက်နေ့ကဖြစ်ပွားခဲ့သည့် ဆင်ခေါင်းရွာကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း အသုံးပြု၍တိုက်ခိုက်ခဲ့ရာတွင် အဆိုပါဆင်ခေါင်းရွာ၌တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#သံတွဲ #ဆင်ခေါင်းရွာ #စစ်ကောင်စီ #လေကြောင်း #ရေကြောင်း #အသုံးပြုတိုက်ခိုက် #၃ဦးထက်မနည်းသေဆုံး #Ayeyarwaddy_Times